Travel

အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အကောင်းဆုံးနဲ့ အညံ့ဆုံး လေဆိပ်များ

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ အင်အားကြီးမားတဲ့ နိုင်ငံပါ။ ဒါပေမဲ့လည်း အကောင်း၊ အဆိုး အတူ ယှဉ်တွဲနေတဲ့ နိယာမတရားအရ အမေရိကန်ပြည်ထောင်စုကလည်း အစစအရာရာမှာ တခြားနိုင်ငံတွေထက် သာလွန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ တခုပြောရရင် ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ၁၀ နိုင်ငံစာရင်းမှာ အမေရိကန်ပြည်ထောင်စုက နံပါတ် ၁၀ နေရာကသာ ရှိခဲ့ပါတယ်။

အခုလည်း အမေရိကန်ပြည်ထောင်စုရဲ့ လေဆိပ်ပေါင်း ၅၀ ကို စစ်တမ်းကောက်ခဲ့ရာမှာ အကောင်းဆုံးနဲ့ အညံ့ဆုံး လေဆိပ်တွေရဲ့ စာရင်း ပေါ်ထွက်လာခဲ့ပါတယ်။ စစ်တမ်း ကောက်ယူသူတွေဟာ လေဆိပ်ကို ဝင်ထွက်သွားလာကြတဲ့ ခရီးသွား အရေအတွက်၊ နေ့စဉ် ပျံသန်းနေရတဲ့ လေယာဉ် ခရီးစဉ်၊ လေယာဉ် ခရီးစဉ် ဖျက်သိမ်းမှု၊ ခရီးသည်တွေ အဆင်ပြေပြေ လိုက်ပါ စီးနင်းနိုင်မှု၊ လုံခြုံရေး၊ နားနေခန်း၊ စားသောက်ဆိုင် စတာတွေကို အခြေခံပြီး သူတို့ရဲ့ စစ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်တမ်းကိုတော့ The Points Guy ခရီးသွား မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပါတယ်။ The Points Guy ခရီးသွားမဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံး လေဆိပ်တွေကတော့

၁။ San Diego အပြည်ပြည်ဆိုင်ရာ လေဆိပ်

၂။ Phoenix Sky Harbor အပြည်ပြည်ဆိုင်ရာ လေဆိပ်

၃။ Portland (Oregon) အပြည်ပြည်ဆိုင်ရာ လေဆိပ်

၄။ Hartsfield-Jackson Atlanta အပြည်ပြည်ဆိုင်ရာ လေဆိပ်

၅။ Sacramento အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံး လေဆိပ်အဖြစ် ရပ်တည်နေတဲ့ San Diego အပြည်ပြည် ဆိုင်ရာလေဆိပ်ကြီးရဲ့ အကျယ်အဝန်းက ၆၆၃ ဧက ကျယ်ဝန်းပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အကြီးမားဆုံး လေဆိပ်ကြီးဖြစ်တဲ့ San Diego အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဟာ တရက်ကို လူပေါင်း ၅ သောင်းကျော်အတွက် လေယာဉ် ခရီးစဉ်တွေ ရှိပါတယ်။

San Diego အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်ပြေးလမ်း အများဆုံးလေဆိပ်ကြီး ဖြစ်သလို ကမ္ဘာမှာဆိုရင်လည်း တတိယမြောက် လေယာဉ်ပြေးလမ်း အများဆုံး လေဆိပ်လည်း ဖြစ်ပါတယ်။

The Points Guy ခရီးသွားမဂ္ဂဇင်းက ကောက်ယူထားတဲ့ စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုရဲ့ လေဆိပ် ၅၀ စာရင်းမှာ အညံ့ဆုံးလေဆိပ်ကတော့ Chicago Midway အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါ။ အဲဒီလေဆိပ်မှာတော့ ခရီးသည်တွေအတွက် နားနေခန်း ၁ ခန်းသာ ပါရှိပြီး စားသောက်ဆိုင်တွေကလည်း အနည်းငယ်ပဲ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အညံ့ဆုံး လေဆိပ်တွေကတော့

၁။ Chicago Midway အပြည်ပြည်ဆိုင်ရာ လေဆိပ်

၂။ Orlando အပြည်ပြည်ဆိုင်ရာ လေဆိပ်

၃။ Fort Lauderdale-Hollywood အပြည်ပြည်ဆိုင်ရာ လေဆိပ်

၄။ Detroit Metropolitan Wayne ခရိုင် လေဆိပ်

၅။ Southwest Florida အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ဖြစ်ပါတယ်။

Ref. traveldailynews

You may also like these stories:

ကမ္ဘာတဝှမ်းက ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနိုင်ငံများ

အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်များ

ကမ္ဘာအနှံ့က အန္တရာယ်အများဆုံး လေဆိပ်များ

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းစာရင်းဝင် လေဆိပ်များ

Loading