တရုတ်နိုင်ငံသားအများစုဟာ ကမ္ဘာပတ်ပြီး လည်နေရုံတင် မဟုတ်ပါဘူး။ သူတို့နိုင်ငံကိုလည်း နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်ကြဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုလေ့ ရှိကြပါတယ်။ တရုတ်နိုင်ငံမှာ နိုင်ငံတကာအဆင့်ရှိတဲ့ လေဆိပ်ပေါင်း ၇၀ ရှိပါတယ်။ နိုင်ငံပေါင်း ၆၀ က ခရီးသွားဧည့်သည်တွေကလည်း တရုတ်နိုင်ငံကို နှစ်စဉ်လိုလို လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။
ဒီနေ့ခေတ်မှာ ဆိုရင်လည်း တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက မြင့်မားတဲ့ အခြေအနေတခုကို ရောက်ရှိနေခဲ့ပါပြီ။ နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွား ဧည့်သည်တွေအတွက်ဆိုရင်လည်း တရုတ်နိုင်ငံမှာ ဟိုတယ်ပေါင်း ၃ သိန်းကျော် ရှိနေပါတယ်။
အဲဒီဟိုတယ်တွေရဲ့ အဆင့်အတန်းတွေကတော့ အမျိုးမျိုးပါပဲ။ နိုင်ငံခြားဘာသာစကား တတ်ကျွမ်းသူတွေကလည်း ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ရင်း သူတို့ရဲ့ အရည်အချင်းတွေကို ဖော်ပြလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ တရုတ်နှစ်သစ်ကူး ပွဲတော်မှာဆိုရင် ပြည်ပရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် ခရီးသွား ဧည့်သည်ပေါင်း ၄၁၅ သန်းအထိ ရှိခဲ့တယ်လို့ Travelchinaguide Website မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၉ တရုတ်နှစ်သစ်ကူးပွဲတော် ကာလအတွင်းမှာ ဝင်ငွေ ယွမ် ၅၁၃ ဒဿမ ၉ ဘီလီယံ အထိ ရရှိခဲ့တယ်လို့လည်း အဲဒီ website မှာ ဖော်ပြထားပါတယ်။
အခုဆိုရင်လည်း တရုတ်နိုင်ငံဟာ သူတို့ရဲ့ခရီးသွားလုပ်ငန်းတွေကို မြှင့်တင်တဲ့အနေနဲ့ ခရီးသွားပွဲတော်ကို ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ အခုကျင်းပမယ့် ခရီးသွားပွဲတော်ကိုတော့ စက်တင်ဘာ ၁၄ ရက်နေ့ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ ရှန်ဟိုင်းမြို့မှာ ကျင်းပပါလိမ့်မယ်။
တရုတ်နိုင်ငံရဲ့ ခရီးသွားပွဲတော်ကို ၁၉၉၀ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့တာဖြစ်ပြီး အခု ကျင်းပမယ့် ခရီးသွားပွဲတော်ကိုတော့ အကြိမ် ၃၀ မြောက်အဖြစ် ကျင်းပမှာပဲ ဖြစ်ပါတယ်။ ခရီးသွားပွဲတော် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရှန်ဟိုင်းမြို့ရဲ့ ခရီးသွားလုပ်ငန်းတွေကို မြှင့်တင်ရုံသာ မကဘဲ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကိုပါ မြှင့်တင်ပေးဖို့အတွက် ဖြစ်ပါတယ်။
ဒီပွဲတော်ကိုတော့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ တခြားပြည်နယ်တွေက နိုင်ငံခြားကောင်စစ်ဝန်ရုံးက အရာရှိတွေလည်း တက်ရောက်ပါလိမ့်မယ်။ မနှစ်က ကျင်းပခဲ့တဲ့ ခရီးသွားပွဲတော်ကိုတော့ လူပေါင်း ၁၂ ဒဿမ ၇ သန်းတက်ရောက်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်မှာကျင်းပခဲ့တဲ့ ခရီးသွားပွဲတော်ကို အင်္ဂလန်၊ ဂရိ၊ စပိန်၊ အမေရိကန်၊ မက္ကဆီကို၊ ဘူလ်ဂေးရီးယား၊ ပိုလန်၊ ဘရာဇီး၊ ဘဟားမား၊ ဖင်လန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဆွစ်ဇာလန်၊ အီတလီ၊ ရုရှား ယူကရိန်း ၊ ဆလိုဗေးကီးယား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဘရူနိုင်း၊ ထိုင်း၊ ဟောင်ကောင်၊ မက္ကာအို၊ ထိုင်ဝမ် စတဲ့ ဒေသက လူတွေ တက်ရောက်ခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် ခရီးသွားပွဲတော် ဖွင့်ပွဲကိုတော့ စက်တင်ဘာ ၄ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်မှာ ဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။ အခမ်းအနားဖွင့်ပွဲမှာ ဖျော်ဖြေမှု အစီအစဉ် ၁၀၀ ကျော် ပါဝင်မှာ ဖြစ်ပြီး သင်္ဘောပေါ်မှာ လက်ထပ်တဲ့ အခမ်းအနားလည်း ပါဝင်ပါလိမ့်မယ်။
အသီးအနှံပြပွဲ၊ ဂီတပွဲတော် စတာတွေလည်း ပါဝင်မှာဖြစ်သလို ပွဲတော်ကာလအတွင်း ဟိုတယ် ဈေးနှုန်းတွေကိုလည်း လျှော့ချပေးထားမှာ ဖြစ်ပါတယ်။
Ref. 12go.asia, travelchinaguide
You may also like these stories:
လုမ္ဗိနီ ဥယျာဉ်ရှိ ထိုင်းခရီးသွားပွဲတော် ခရီးသည် ၆သိန်းခန့် လာမည်ဟု မျှော်မှန်း
ရှန်ဟိုင်းမြို့က အထင်ကရ လည်ပတ်စရာ နေရာများ
ဈေးသက်သာတဲ့အချိန် ရွေးပြီး လည်ပတ်သင့်တဲ့ နေရာများ