မိုးရာသီကို ရောက်လာတာနဲ့အမျှ နိုင်ငံတကာမှာ ရေကြီး မြေပြိုသတင်းတွေ ဆက်တိုက် ကြားနေရပါတယ်။ မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးနေရသလို အိုးမဲ့အိမ်မဲ့ ပမာဏကလည်း များပြားလာပါတယ်။
ထိုင်းနိုင်ငံမှာလည်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် သြဂုတ်လ ၁၂ ရက်နေ့က Erawan ရေတံခွန်မှာ လူသွားလမ်းတွေ ပျက်စီးသွားပြီး ခရီးသွားဧည့်သည်တချို့ အနာတရ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း Erawan ရေတံခွန်ကို ယာယီပိတ်ထားတဲ့အကြောင်း Erawan အမျိုးသားဥယျာဉ်ရဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ Porayut Waiwong က ပြောပါတယ်။
ပျက်စီးသွားတဲ့လမ်းကြောင်းတွေကို သြဂုတ်လ ၁၃ ရက်နေ့ မှာ ပြန်လည် ပြင်ဆင်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။ အခုလိုသာ မိုးဆက်တိုက်ရွာနေမယ်ဆိုရင်တော့ Erawan ရေတံခွန်ရဲ့ ရေထုပမာဏက ထပ်တက်လာစရာရှိပြီး အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။
အရင်တုန်းကတော့ ခရီးသွား ဧည့်သည်တွေကို ရေတံခွန်ထဲ ဝင်ရောက်ပြီး ရေကစားဖို့ ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ အခုတော့ မိုးသည်းစွာ ရွာနေတဲ့အတွက် ရေတံခွန်ကို ယာယီပိတ်ထားမှာ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ လမ်းကြောင်းတွေကို ပြင်ဆင်ပြီးရင်တော့ ခရီးသွားတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ရေကစားနိုင်ပါလိမ့်မယ်။
Erawan အမျိုးသားဥယျာဉ်ကြီးဟာ ထိုင်းနိုင်ငံရဲ့ ၁၂ ခုမြောက် အမျိုးသားဥယျာဉ်ကြီးဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Erawan အမျိုးသားဥယျာဉ်ကြီးဟာ ထိုင်းနိုင်ငံအနောက်ပိုင်း Si Sawat ခရိုင်အတွင်းမှာ တည်ရှိပါတယ်။ ဒီ အမျိုးသားဥယျာဉ်ကြီးဟာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ဥယျာဉ်ကြီးတခုပါ။
Erawan ရေတံခွန်ကတော့ Erawan အမျိုးသားဥယျာဉ်ကြီးရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ အမျိုးသား ဥယျာဉ်ကြီးရဲ့ ၈၁ ရာခိုင်နှုန်းကို ရွက်ကြွေသစ်တောတွေ၊ အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းထားသလို ပင်လယ်ရေ မျက်နှာပြင်အထက် ၅၄၁ ပေ နဲ့ ၃,၂၆၄ ပေအကြား အမြင့်ရှိတဲ့ ထုံးကျောက်တောင်တွေက ကာရံပေးထားပါတယ်။
အဲဒီလို ကာရံပေးထားတဲ့ အတွက်ကြောင့်လည်း Erawan အမျိုးသားဥယျာဉ်ကြီးဟာ မုတ်သုန်ရာသီရောက်လာရင် မိုးအနည်းငယ်လောက်သာ ရွာသွန်းလေ့ ရှိပါတယ်။
ဒီတနှစ်ကတော့ Erawan ရေတံခွန်ရဲ့ လူသွားလမ်းတွေဟာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ခရီးသွားတွေလည်း ဒဏ်ရာအနာတရ ဖြစ်ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တချို့လည်း ပါဝင်ပါတယ်။
Ref. Bangkokpost, Chiangraitimes
You may also like these stories:
ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ထိုင်းရိုးရာ အနှိပ်လုပ်ငန်း
ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ
ခရီးသွားတွေ ပိုမိုလာရောက်အောင် အာရုံစိုက်ဆောင်ရွက်နေတဲ့ ထိုင်းခရီးသွားလုပ်ငန်း အေဂျင်စီများ
ထိုင်းခရီးသွားလုပ်ငန်း ပုံရိပ်ကို ကျဆင်းစေခဲ့တဲ့ အဖြစ်အပျက်