ဂျပန်နိုင်ငံမှာ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းကြောင့် မိုးသက်လေပြင်းများကျရောက်ပြီး အနည်းဆုံး လူ ၁ ဦးခန့် သေဆုံးခဲ့တယ်လို့ NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အပူပိုင်းဒေသမုန်တိုင်း ခရိုစာ(Krosa) ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမား တောင်ပိုင်းကို တနာရီ မိုင် ၇၀ ကျော်နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ မြောက်ပိုင်းကို ရွေ့စပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
နွေရာသီ အားလပ်ရက်ဖြစ်နေတဲ့ ဂျပန်နိုင်ငံမှာ အခုလို မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် လေယာဉ်ပျံသန်းမှုပေါင်း ၈၀၀ ကျော်ကို ရပ်နားထားပြီး ရထားသွားလာမှုကိုလည်း ရပ်နားထားပါတယ်။ ဒေသခံ ၄၀၀,၀၀၀ ကျော်ကို ဘေးကင်းရာ ရွေ့ပြောင်းဖို့ အကြံပေးထားပေမယ့် အနည်းငယ်ကသာ အာဏာပိုင်တွေရဲ့ စကားကို လက်ခံခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
မုန်တိုင်း တိုက်ခတ်နေစဉ်မှာ အသက် ၈၂ နှစ်အရွယ် အဘိုးအိုတဦးဟာ သူ့ရဲ့ လှေကို ကမ်းကပ်ဖို့ ကြိုးစားနေစဉ် ပင်လယ်ထဲပြုတ်ကျ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပူပိုင်းမုန်တိုင်း ခရိုစာဟာ အခုအချိန်မှာတော့ အားနည်းတဲ့ မုန်တိုင်းဖြစ်သွားပြီ ဖြစ်ပေမယ့် ပြည်သူ ၄၉ ဦးကတော့ မုန်တိုင်းအတွင်း ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းအစပိုင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ သစ်ပင်များ အမြစ်ကျွတ်ပြီး လဲကျခြင်း၊ ဓာတ်တိုင်ကျိုးခြင်းတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ရေလှိုင်းကြီးတွေ ရိုက်ခတ်မှုကြောင့် လှိုင်းတားနံရံတွေ ပျက်စီးခဲ့ပြီး မြို့လမ်းပေါ်ကို ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံသတင်းဌာနတွေရဲ့ ပြောကြားချက်အရ ရထားသွားလာမှုကို လုံးဝ ပိတ်ဆို့ထားပြီး တိုကျို၊ အိုကာဆာစတဲ့ မြို့များနဲ့ ကူးလူးနေတဲ့ ကျည်ဆန်ရထား သွားလာမှုတွေကိုပါ ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ဒီမုန်တိုင်းတိုက်မှုကြောင့် အားလပ်မှာ မွေးရပ်ဒေသကို ပြန်တဲ့ ဂျပန်ပြည်သူ သန်းနဲ့ချီပြီး ခရီးသွားလာရေး အခက်အခဲကို တွေ့ကြုံနေရပါတယ်။
Ref. BBC