မြန်မာ့ခရီးသွားလုပ်ငန်း အခြေအနေက တရိပ်ရိပ်နဲ့ တိုးတက်လာနေပါတယ်။ မြန်မာနိုင်ငံဟာ လည်ပတ်စရာတွေပေါများတဲ့ နိုင်ငံဖြစ်ပေမယ့်လည်း ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာဖို့ လုပ်ဆောင်ရမယ့် ကိစ္စတွေလည်း ကျန်နေပါသေးတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှတွေနဲ့ ယှဉ်ရင် မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်က သေးငယ်နေပါသေးတယ်။
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာ့ခရီးသွားဈေးကွက်က သေးငယ်နေပေမယ့်လည်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နေပါတယ်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကလည်း ၂၀၁၈ ခုနှစ် ပထမ ၄ လပတ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလ ၄ အတွင်း ခရီးသွား အရေအတွက် ၃၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် ပထမ ၄ လပတ်အတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က ၅၀၀,၀၀၀ ရှိခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ် ပထမ ၄ လပတ်အတွင်းမှာတော့ နိုင်ငံတကာခရီးသွားအရေအတွက်က ၆၅၀,၀၀၀ အထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ခရီးသွားလုပ်ငန်းက တရိပ်ရိပ်တိုးတက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား အရေအတွက်က ၃ ဒဿမ ၅၅ သန်း ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ယှဉ်ရင် ၀ ဒဿမ ၁၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွား အရေအတွက် ၃ ဒဿမ ၄၄ သန်း ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားဧည့်သည်တွေကို ဗီဇာကင်းလွတ်ခွင့် ၁ နှစ် ခွင့်ပြုခဲ့ပါတယ်။ အခုဆိုရင်လည်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် ဥရောပနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဗီဇာ ကင်းလွတ်ခွင့်ပြုမယ့်အစီအစဉ် စတင်ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်း ပိုပြီးဖွံ့ဖြိုးလာဖို့အတွက် မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) တွေကို ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ မြန်မာ့ခရီးသွားဘဏ်တွေဟာ မြန်မာ့ခရီးသွားလုပ်ငန်းမှာ ပါဝင်တဲ့ ခရီးသွားအေဂျင်စီတွေ၊ ပြည်တွင်း ပြည်ပခရီးသွားတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံပိုင်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာခရီးသွားဘဏ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ Full Commercial License ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ခရီးသွားဘဏ်ဟာ တခြား ဘဏ်ကြီးများနည်းတူ ဘဏ် ဝန်ဆောင်မှုကို အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက တစိတ်တပိုင်းကို မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ထည့်ဝင်သွားမယ်လို့ မန်နေးဂျင်း ဒါရိုက်တာ ဦးစောဘိုဘိုက ပြောပါတယ်။
နိုင်ငံရပ်ခြားကိုသွားမယ့် မြန်မာ့ခရီးသွားတွေအနေနဲ့လည်း နိုင်ငံတကာမှာ ငွေရှင်းတဲ့အခါ လွယ်ကူအောင် Card စနစ်ကိုအသုံးပြုသွားမှာဖြစ်သလို ခရီးသွားဘဏ်ဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းခရီးသွားတွေလိုအပ်တဲ့ငွေကြေးကိုလည်း မြန်မာ့ခရီးသွားဘဏ်က ထုတ်ချေးပေးသွားမယ်လို့ ဦးစောဘိုဘိုက ပြောပါတယ်။
မြန်မာ့ခရီးသွားဘဏ်ကို ၂၀၁၉ ခုနှစ် မေလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားဘဏ်မှာ ခရီးသွားလုပ်ငန်းအတွက်ချေးငွေ သိန်း ၅၀ ကနေ သိန်း ၁၀,၀၀၀ အထိထုတ်ချေးနိုင်ပါတယ်။ ချေးငွေ ယူတဲ့အခါမှာတော့ ချေးငွေပမာဏနဲ့ အပေါင်ပေးနိုင်၊ မပေးနိုင် လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေအပေါ် မူတည်ပြီး ချေးငွေထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။
ချေးငွေယူတဲ့အခါမှာလည်း အသေးစားချေးငွေအတွက် ၃ ရက်ကြာမှာဖြစ်ပြီး အကြီးစားချေးငွေအတွက်တော့ လနဲ့ချီ ကြာနိုင်မယ်လို့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဘိုဘိုဝေမောင်က ပြောပါတယ်။ အကြီးစားချေးငွေအတွက် အပေါင်ပစ္စည်းရှိရင်တော့ အချိန် ၂ ပတ်ကြာမယ်လို့လည်း ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အများဆုံးလာရောက် လည်ပတ်ကြသူတွေဟာ တရုတ်နိုင်ငံက ဖြစ်ပြီး ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ မလေးရှား စတဲ့ နိုင်ငံတွေက ခရီးသွားတွေလည်း လာရောက်ခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေကနေ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအရေအတွက်ကတော့ ကျဆင်းနေပါတယ်။
Ref. consult-myanmar, myanmar.gov.mm, xinhuanet