မြန်မာနိုင်ငံကနေ အင်္ဂလန်အထိ မိုင်ပေါင်း ၃၀,၀၀၀ ကျော်ခရီးကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားနေကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ ၂ယောက်ဟာ ဒီနေ့မှာတော့ ဂျာမနီနိုင်ငံကို ရောက်ရှိသွားပါပြီ။
သူတို့ နှစ်ယောက်ဟာ သြဂုတ်လ ၁၆ ရက်နေ့မှာ ဆွီဒင်နိုင်ငံကို ရောက်ရှိခဲ့ကြပြီး နော်ဝေး၊ ဒိန်းမတ် စတဲ့ ဥရောပနိုင်ငံတွေကိုလည်း ဖြတ်ကျော် မောင်းနှင်ခဲ့ပြီးပါပြီ။
မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးကို မောင်းနှင်ကြမယ့် သူတို့ရဲ့ခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သြဂုတ်လ ၂၆ ရက်နေ့ဆိုရင် သူတို့ ခရီးစဉ်က ၃ လ ပြည့်မြောက်တော့မှာပါ။
ခရီးမထွက်ခင်ကတည်း ၃ လအတွင်း အင်္ဂလန်နိုင်ငံ ရောက်အောင် မောင်းဖို့ သူတို့ နှစ်ယောက်က ရည်မှန်းချက် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ၃ လပြည့်မယ့် သြဂုတ်လ ၂၆ ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို အရောက်မောင်းမယ်လို့ သူတို့ရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။ လန်ဒန်မြို့ကို ရောက်တဲ့အခါမှာလည်း လန်ဒန်မြို့မှာ နေထိုင်ကြတဲ့ မြန်မာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားပါသေးတယ်။
မိုင်ပေါင်း ၃၀,၀၀၀ ကျော်ဝေးတဲ့ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံထိ ရောက်အောင် ဆိုင်ကယ် ကိုယ်စီ စီးပြီးသွားဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်အတွက် သူတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ရပါတယ်။
နိုင်ငံဖြတ်ကျော်ခွင့်ရနိုင်ဖို့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း ၈ လကြာအောင် စောင့်ခဲ့ရပါတယ်။ နိုင်ငံဖြတ်ကျော်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ ရရှိတော့မှသာ အခုခရီးစဉ်ကို အစပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်ဟာ လမ်းခရီးမှာလည်း ဆိုးရွားတဲ့ ရာသီဥတု အခြေအနေ အမျိုးမျိုး ရင်ဆိုင်ခဲ့ကြရပါသေးတယ်။ “ဆိုင်ကယ် မမောင်းရ နယ်မြေ”လို့ သတ်မှတ်ထားတဲ့ ဒေသကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်။ Estonia နိုင်ငံကနေ ဖင်လန်နိုင်ငံကိုရောက်ဖို့ Tallinn ကနေတဆင့် သဘောၤစီးပြီး သွားရောက်ခဲ့ပါတယ်။
ခရီးလမ်းတလျှောက် သူတို့ နှစ်ယောက် ရရှိတဲ့ အကျိုးကျေးဇူးကတော့ ဆိုင်ကယ် ဝါသနာအိုးတွေကို တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်သလို ဆိုင်ကယ်တွေ စုဆောင်းထားတဲ့ နေရာတွေကို လေ့လာခွင့် ရရှိခဲ့ကြတာပါ။ ဒီဇိုင်းပညာရှင်တွေဖြစ်တဲ့ သူတို့ နှစ်ယောက်ဟာ ဖင်လန်နိုင်ငံကို ရောက်တဲ့အခါမှာတော့ ဒီဇိုင်းပြတိုက်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။
နိုင်ငံတကာမှာရှိတဲ့ ဆိုင်ကယ်ဝ ါသနာအိုးတွေအပြင် နိုင်ငံရပ်ခြားကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သူတို့ နှစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံတာကိုလည်း တွေ့ရပါတယ်။
ဖင်လန်နိုင်ငံကို ဖြတ်ကျော် မောင်းနှင်တုန်းကဆိုရင်တော့ ညရောက်နေတာတောင် မဝင်သွားသေးတဲ့ နေလုံးကြီးရဲ့ အလင်းရောင်အောက်မှာ မောင်းနှင်ခဲ့ကြပါတယ်။
သမိုင်းဝင်ခရီးဖြစ်တဲ့ ဒီလိုခရီးစဉ်မျိုးတွေကို ၁၉၅၅ ခုနှစ်ကလည်း ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံ နှစ်ယောက်က မောင်းနှင်ခဲ့ကြပါတယ်။ အခုတော့ နောက်ထပ် မြန်မာသူရဲကောင်း နှစ်ယောက် ပေါ်ပေါက်လာခဲ့ပါပြီ။
You may also like these stories:
မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်
ရန်ကုန်ကနေ အင်္ဂလန်အထိ ဆိုင်ကယ်မောင်းပြီး ကမ္ဘာပတ်မယ့် မြန်မာနိုင်ငံသား နှစ်ယောက်
ဖင်လန်နိုင်ငံကို ရောက်နေပြီဖြစ်တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက်