ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေ အတွက် ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ဝန်ကြီးများအဖွဲ့ကို အဆိုတင်သွင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစား ဝန်ကြီး Pipat Ratchakitprakarn ဦးဆောင် တင်သွင်းခဲ့တဲ့ အဲဒီအဆိုကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ Prawit Wongsuwaon က သဘောမတူကြောင်း ဆန့်ကျင်လိုက်ပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပြုဖို့ အဆိုကို သဘောမတူတဲ့ အကြောင်းရင်းကိုလည်း ဒုဝန်ကြီးချုပ်က အခုလိုပဲ ပြောပါတယ်။
“တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပြုမယ့်အဆိုပြုချက်ကို ကျနော် လက်မခံပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအဆိုပြုချက်ကို ကန့်ကွက်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံဟာ လူဦးရေ များပြားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်”
“တရုတ်နိုင်ငံ လူဦးရေက ၁ ဒဿမ ၂ ဘီလီယံရှိသလို အိန္ဒိယနိုင်ငံရဲ့လူဦးရေကလည်း အဲဒီပမာဏပါပဲ။ ဒီအချက်ကြောင့် အဲဒီ အဆိုပြုချက်ကို သဘောမတူနိုင်တာပါ”လို့ ထိုင်းဒုဝန်ကြီးချုပ်က သြဂုတ်လ ၁၉ ရက်နေ့က အစိုးရအိမ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။
ဗီဇာကင်းလွတ်ခွင့် အဆိုပြုချက်ကို ပြီးခဲ့တဲ့ သောကြာနေ့က တင်သွင်းခဲ့တာဖြစ်ပေမယ့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောမတူနိုင် ဖြစ်နေပါတယ်။
ဗီဇာကင်းလွတ်ခွင့် ပြုခဲ့မယ်ဆိုရင်တော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ခရီးသွားဧည့်သည်တွေဟာ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိပါလိမ့်မယ်။ ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန် ကြီးဌာနက ဗီဇာကင်းလွတ်ခွင့်ပြုမယ့် အစီအစဉ်ကို ၂၀၁၉ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၂၀၂၀ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၁ နှစ် ရည်ရွယ်ထားခဲ့ပါတယ်။
အဓိက အရေးကြီးတဲ့အချက်ကတော့ နိုင်ငံတော် ဘဏ္ဍာငွေတွေ ဆုံးရှုံးသွားမှာပါပဲ။ ဗီဇာကင်းလွတ်ခွင့်သာ ပြုလိုက်ရင် နှစ်စဉ် ရနေတဲ့ ဗီဇာကြေးဝင်ငွေတွေကို လက်လွတ် လိုက်ရပါလိမ့်မယ်။ ဆုံးရှုံးလိုက်ရတဲ့ ငွေကြေးပမာဏကလည်း ထိုင်းဘတ်ငွေ ၁၂ နဲ့ ၁၃ ဘီလီယံလောက် ရှိပါလိမ့်မယ်။
ဒီနှစ်ကုန်ပိုင်းလောက်အထိ ခန့်မှန်းထားချက်ကတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်နိုင်ငံသား ၁၁ သန်းအထိရှိနိုင်ပြီး အိန္ဒိယနိုင်ငံသား ၂ သန်းနီးပါး ရှိနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံသား ၃ သန်းအထိ လာရောက် လည်ပတ်နိုင်တယ်လို့ ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုပါတယ်။
ဒါပေမဲ့လည်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Don Praramudwinai က ဗီဇာကင်းလွတ်ခွင့်ပြုမယ့် အဆိုပြုချက်ကို လက်မခံဖို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။
စာထဲမှာရေးသားထားတဲ့ အကြောင်းအရာကတော့ ဗီဇာကင်းလွတ်ခွင့်သာ ပြုခဲ့မယ်ဆိုရင် နိုင်ငံခြားသား အများအပြား ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေးကို ထိခိုက်လာနိုင်စရာရှိတယ်ဆိုပြီး ရေးသားထားပါတယ်။
ထိုင်းနိုင်ငံ နိုင်ငံခြားဝန်ကြီးဌာနက ဗီဇာကင်းလွတ်ခွင့်သာပြုခဲ့ရင် သဘာဝ ဘေးအန္တရာယ်လို ကိစ္စတွေ ကြုံလာတဲ့အခါ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို အလွယ်တကူ ဝင်ရောက်ပြီး အခြေချ နေထိုင်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးအနေနဲ့လည်း ဥရောပနိုင်ငံတချို့ကို ဗီဇာကင်းလွတ်ခွင့် ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref. Bangkokpost, consult-myanmar
You may also like these stories:
ထိုင်းခရီးသွားလုပ်ငန်း တိုးတက်ဖို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဗီဇာ ၁နှစ်ကင်းလွတ်ပေးရန် စီစဉ်နေ
အမေရိကန် ဗီဇာ လုပ်ငန်း နှင့် အလည်အပတ် တပေါင်းတည်း လျှောက်ထားနိုင်မည်
တရုတ်ခရီးသွား ကျဆင်းသော်လည်း အိန္ဒိယခရီးသွား ထိုင်းသို့ ပိုမိုလာရောက်
ကမ္ဘာ့သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ဖြစ်လာတဲ့ ဂျပန်နိုင်ငံရဲ့ Passport