တရုတ်နိုင်ငံရဲ့လေကြောင်းလိုင်း တလိုင်းဖြစ်တဲ့ Spring Airlines က ရှန်ဟိုင်းနဲ့ ရန်ကုန် လေယာဉ်ခရီးစဉ်ကို တိုက်ရိုက် ပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာ jဖစ်ပါတယ်။
ရှန်ဟိုင်းမြို့ အခြေစိုက် Spring Airlines အနေနဲ့ ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို ပထမဆုံးအကြိမ်အဖြစ် စတင်ပျံသန်းပေးနေတာလည်း ဖြစ်ပါတယ်။ အခုလို ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကြောင့် အချိန်တဝက် သက်သာသွားမှာဖြစ်သလို လမ်းကြောင်းတခုကို ပျံသန်းချိန်က ၅ နာရီလောက်သာ ကြာမြင့်ပါလိမ့်မယ်။
အခုလို တိုက်ရိုက်ခရီးစဉ်ကြောင့် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေအတွက် ပိုပြီးလွယ်ကူသွားပါတယ်။ ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်မှာ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ခရီးတထောက်နားမယ်လို့ သိရပါတယ်။
ရှန်ဟိုင်း-ရန်ကုန် ခရီးစဉ်ကိုတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ပုံမှန်ပြေး ဆွဲသွားမှာဖြစ်သလို ရန်ကုန်-ရှန်ဟိုင်း ခရီးစဉ်ကိုတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပုံမှန်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
အခုလို ရှန်ဟိုင်း-ရန်ကုန် လေယာဉ် တိုက်ရိုက်ခရီးတွေကို စတင်ရတဲ့ အကြောင်းရင်းကတော့ နှစ်နိုင်ငံ ခရီးသွားတွေအတွက် လွယ်ကူစေဖို့ဖြစ်သလို ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာဖိုအတွက်လည်း ဖြစ်ပါတယ်လို့ Spring Airlines ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာအထွေထွေမန်နေဂျာ Shao Yuhua က ပြောပါတယ်။
အသစ်ဖွင့်လှစ်လိုက်တဲ့ လေကြောင်းလိုင်းကြောင့် တရုတ် ခရီးသွားတွေအနေနဲ့ မြန်မာရှုခင်း အလှအပတွေကို ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတဲ့အကြောင်း Shao Yuhua က ပြောပါသေးတယ်။
Spring Airlines ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တရုတ်ခရီးသွားတွေဟာ မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေကို လည်ပတ်တဲ့နှုန်းက တိုးလာခဲ့ပါတယ်။ နှစ်စဉ်ဆိုသလိုလည်း ၁၀ ရာခိုင်နှုန်း နဲ့ ၁၅ ရာခိုင်နှုန်းတိုးလာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သလို နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စေတီပုထိုးပေါင်း များစွာတည်ရှိရာ နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကစပြီး မြန်မာအစိုးရက ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံသားတွေကို ဗီဇာဖြေလျှော့တာတွေ လုပ်ပေးခဲ့တဲ့အတွက် လေကြောင်းလိုင်းတွေကနေ တရုတ် ခရီးသွား အများအပြား မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ကြပါတယ်။
Ref. Chinadaily, Gomyanmartours