ကက်သလစ် သာသနာပိုင်ဖြစ်သလို ဗာတီကန်ရဲ့ အချုပ်အခြာအာဏာပိုင် တယောက်လည်း ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုလာမယ့် နိုဝင်ဘာလအတွင်း ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဂျပန်နဲ့ ထိုင်းနိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးကတော့ ပုပ်ဂျွန်ပေါလ်ပါ။
ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ဟာ ဂျပန်နိုင်ငံကို ၁၉၈၁ ခုနှစ်မှာ နောက်ဆုံး လည်ပတ်ခဲ့တဲ့ ပုပ်ဖြစ်သလို ထိုင်းနိုင်ငံကိုလည်း ၁၉၈၄ ခုနှစ်မှာ နောက်ဆုံး လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ သွားရောက် လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်ကတော့ ဆယ်စုနှစ် ၄ စု ကျော်ပြီးမှာ နောက်တကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင်ကပဲ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဂျပန်ခရီးစဉ်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အနေနဲ့ တိုကျိုမြို့အပါအဝင် ဒုတိယကမ္ဘာစစ်အတွင်းက အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ပုပ်ရဟန်းမင်းကြီး လည်ပတ်ဖို့ စီစဉ်ထားတဲ့ ဒီ နှစ်နိုင်ငံစလုံးမှာ ကက်သလစ် ဘာသာဝင်တွေ အနည်းငယ်သာ ရှိပါတယ်။ နိုင်ငံလူဦးရေနဲ့ တွက်မယ်ဆိုရင်လည်း ကက်သလစ်ဘာသာ ကိုးကွယ်သူတွေက ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။
ထိုင်းနိုင်ငံသားအများစုက ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူတွေ ဖြစ်ကြပြီး ဂျပန်နိုင်ငံသားအများစုကတော့ ရှင်တိုဘာသာကို သက်ဝင် ယုံကြည်ကြပါတယ်။ ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ သူ့ခရီးစဉ်ကို နိုဝင်ဘာ ၂၀ ရက်နေ့လောက်မှာ စတင်ဖို့ ရည်ရွယ်ထားပြီး ၇ ရက်နီးပါး ကြာမြင့်မယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်မှာ မတူကွဲပြားတဲ့ ဘာသာဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စတွေကို တွန်းအားပေးဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ ကက်သလစ်ဘာသာကို အဓိက ကိုးကွယ်တဲ့နိုင်ငံကတော့ ဖိလစ်ပိုင် နိုင်ငံပါပဲ။ ဖိလစ်ပိုင်နိုင်ငံလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပါတယ်။ အဲဒီ ၉၂ ရာခိုင်နှုန်းထဲက ၈၁ ရာခိုင်နှုန်းက ကက်သလစ်တွေပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါသေးတယ်။ ပုပ်ရဟန်းမင်းကြီး လာရောက်တုန်းကလည်း မြန်မာနိုင်ငံသား အများအပြားက ကြိုဆိုခဲ့ကြပါတယ်။
Ref. Bangkokpost, Japantimes
You may also like these stories:
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်မြို့သို့ ရောက်ရှိ
ပုပ်ရဟန်းမင်းကြီး ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် ကက်သလစ်ဘုန်းတော်ကြီးတပါး ပျောက်ဆုံးနေ
ပုပ်ရဟန်းမင်းကြီး ပြုံယမ်း လာလည်ရန် မြောက်ကိုရီးယား ဖိတ်ကြား
FABC ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ် မောင်ဘို အရွေးခံရ