အန်ကောဝပ် ကျောင်းတော်ကြီးနဲ့ အရသာရှိတဲ့ အစားအစာတွေကြောင့် နိုင်ငံတကာ ခရီးသွားတွေကြားမှာ ကမ္ဘောဒီးယားနိုင်ငံဟာ ရေပန်းစားပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံး သွားရောက် လည်ပတ်မယ့်သူတွေအတွက် သိထားသင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အဓိကကျတဲ့ နေရာတွေကို အရောက်သွားပါ
ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးအကြိမ် လည်ပတ်မယ့်သူတွေ အနေနဲ့ ဦးစားပေးသင့်တာကတော့ နေရာ ရွေးချယ်မှုပါ။ ရေပန်းစားတဲ့ နေရာတွေကို လည်ပတ်နိုင်ဖို့ ခရီး မထွက်ခင်ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်။ ရေပန်းစားတဲ့နေရာတွေကလည်း လူတွေအများကြီး လည်ပတ်လေ့ရှိတဲ့ နေရာတွေဖြစ်တဲ့အတွက် ခရီးသွားလမ်းညွှန် အများစုက နေရာစုံရောက်အောင် လိုက်မပို့နိုင်ကြပါဘူး။
ခရီးသွားရာသီနဲ့ ကြုံလာခဲ့ရင်တော့ ဒီလို အခက်အခဲမျိုးတွေ ပိုကြုံရလေ့ ရှိပါတယ်။ ဖနွမ်းပင်၊ Siem Reap ၊ Sihanoukville စတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ထင်ရှားတဲ့မြို့တွေမှာ ကမ္ဘာလည့် ခရီးသည် အများအပြား လာရောက်လေ့ ရှိပြီး ပုံမှန်အားဖြင့်တော့ ဖနွမ်းပင်နဲ့ Siem Reap မြို့တွေကို ခရီးသွားတွေက ၅ ရက်နဲ့ ၇ ရက်ကြား လည်ပတ်လေ့ ရှိပါတယ်။
Sihanoukville မြို့ကိုပါ လည်ပတ်မယ်ဆိုရင် ၈ ရက်နဲ့ ၁၀ ရက်လောက် အချိန်ပေးရပါမယ်။ Battambang မြို့ကိုပါ လည်ချင်သေးရင်တော့ ၁၂ ရက် နဲ့ ၁၅ ရက်လောက် အချိန်ပေးရပါတယ်။ ၁၅ ရက်လောက် အချိန်ပေးပြီးလည်ပတ်မယ်ဆိုရင်တော့ ပထမဆုံးအကြိမ် ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်သူအဖို့ လုံလောက်ပါပြီ။
(၂) 4G Sim Card ဝယ်ပါ
ကမ္ဘောဒီးယားနိုင်ငံကို ရောက်တဲ့အခါ ကမ္ဘောဒီးယားနိုင်ငံထုတ် 4G Sim Card ကို ဝယ်ယူ အသုံးပြုပါ။ ဒါဆိုရင် ကမ္ဘာကြီးနဲ့ ချိတ်ဆက်လို့ ရသွားပါပြီ။ Sim Card တွေကလည်း ဈေးမကြီးပါဘူး။ ၁ ဒေါ်လာကနေ ၂၀ ဒေါ်လာလောက်အထိသာ ရှိပါတယ်။ ဒေတာ အသုံးပြုတာကတော့ နိုင်ငံတကာမှာ အသုံးပြုနေသလို Package ဝယ်သုံး စနစ်ပါပဲ။ ခရီးသွားအများစုကတော့ ၅ ဒေါ်လာတန် Sim Card ကို ဝယ်သုံးလေ့ရှိပါတယ်။
ဒေါ်လာ ၂၀ တန် Sim Card မှာတော့ ဒေတာ 20GB ပါဝင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အင်တာနက်သုံးရတာ သိပ်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေမှာတောင် Wi-Fi သုံးရတာ အဆင်မပြေပါဘူး။ အင်တာနက် Connection အကောင်းဆုံးကတော့ ဖနွမ်းပင်မြို့ပါပဲ။ တနိုင်ငံလုံးမှာ အင်တာနက်လိုင်း အမြန်ဆုံးနေရာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ Siem Reap မှာတောင် အင်တာနက်လိုင်း မကောင်းပါဘူး။ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ တည်းခိုမယ်ဆိုရင် အင်တာနက်လိုင်းက နှေးပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။
(၃) ညအချိန် အလည်သွားမျိုး ရှောင်ပါ
လျှပ်စစ်မီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ရတနာ တပါးပါ။ ဒါကြောင့်လည်း ကမ္ဘောဒီးယားနိုင်ငံက လျှပ်စစ်မီးကို ချွေချွေတာတာ အသုံးပြုကြပါတယ်။ ညဘက် လမ်းလျှောက်ထွက်ရင် အဓိကကျတဲ့ လမ်းမကြီးတွေလောက်သာ မီးထွန်းထားပြီး ကျန်တဲ့လမ်းတွေကတော့ အချိန်နဲ့ မီးပေးတာမျိုး၊ ဒါမှမဟုတ် တညလုံး မီးမပေးတာမျိုး ရှိပါတယ်။ Siem Reap နဲ့ ဖနွမ်းပင်မြို့တွေလည်း ဒီအတိုင်းပါပဲ။
ကမ္ဘောဒီးယားနိုင်ငံက စတိုးဆိုင် အများစုဟာ ည ၉ နာရီနောက်ပိုင်း ဖွင့်လေ့ မရှိဘဲ လူတွေလည်း စောစော အိပ်ရာဝင်လေ့ ရှိပါတယ်။ ဒါကြောင့် ညပိုင်းရောက်တဲ့အခါ ကိုယ်တယောက်တည်းဖြစ်ဖြစ်၊ နှစ်ယာက်၊ ၃ ယောက်ပဲဖြစ်ဖြစ် အလည်သွားတာမျိုးက လုံခြုံမှု မရှိနိုင်ပါဘူး။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အဝေးပြေး လမ်းမတွေမှာလည်း လျှပ်စစ်မီး မထွန်းထားတဲ့အတွက် ညအချိန် ကားမောင်းတာမျိုး မလုပ်သင့်ပါဘူး။ အဝေးပြေးလမ်းမတွေမှာ မကြာခဏဆိုသလို ယာဉ်မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။
(၄) ဈေးဝယ်ရင် ဈေးဆစ်ပါ
အာရှနိုင်ငံတွေအတွက်တော့ ဈေးဆစ်တာက ယဉ်ကျေးမှု တခုလိုပါပဲ။ ဒါကြောင့် ဈေးဝယ်တဲ့အခါ ဈေးဆစ်တတ်ဖို့ လိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဈေးဝယ်မယ်ဆိုရင် ဘယ်လောက်ပဲ ဈေးနည်းနည်းနဲ့ရောင်းရောင်း ဈေးဆစ်ဖို့တော့ လိုပါတယ်။ အမှတ်တရပစ္စည်း၊ အဝတ်အထည်၊ လက်ဝတ်ရတနာ ပစ္စည်းနဲ့ ကျောက်မျက်ရတနာတွေ ဝယ်တဲ့အခါ ဆိုဈေးထက် ၅၀ ရာခိုင်နှုန်းအထိ ဈေးဆစ်ဖို့ အကြံပြုချင်ပါတယ်။
Ref. Traveldailynews
You may also like these stories:
ယခုနှစ် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသည်များ ပိုမိုလာရောက်
မ္ဘောဒီးယားကို ရောက်လာတဲ့ စွန့်ပစ် ပလတ်စတစ်များ အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ ပြန်ပို့မည်
၄၅နှစ်ကြာ ပိတ်ထားသည့် ထိုင်း-ကမ္ဘောဒီးယား ရထားလမ်း ပြန်ဖွင့်တော့မည်