Travel

ခရီးသွားတွေကြောင့် ပျက်စီးခဲ့ရတဲ့ ကမ္ဘာတဝှမ်းက အဖိုးတန်နေရာများ

နေရာဒေသ အသစ်တခုကို သွားရောက် လည်ပတ်တဲ့အခါ တားမြစ်ထားတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာသင့်သလို ဖျက်လိုဖျက်စီး မလုပ်ဖို့ သတိပြုရမှာဟာ မိမိရဲ့ကိုယ်ပိုင် အသိတရားနဲ့ သိရှိနေရမှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေကြောင့် ကမ္ဘာတဝှမ်းမှာ တန်ဖိုးထား ထိန်းသိမ်းထားတဲ့ အဖိုးတန်အမွေအနှစ်တွေ ပျက်စီးခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာရှိတဲ့ Longqiao အမျိုးသားဥယျာဉ်တွင်းက ကြာပန်းများ

(၁) တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာရှိတဲ့ Longqiao အမျိုးသားဥယျာဉ်တွင်းက ကြာပန်းတွေကို ခြံစည်းရိုးခတ်ပြီး မခူးဖို့ တားမြစ်ထားတဲ့ကြားကနေ ခရီးသွားတွေဟာ တိုးဝှေ့ လုယက်ပြီး ခူးယူခဲ့ကြပါတယ်။ တနှစ်မှာ တခါသာ ကျင်းပတဲ့ နွေရာသီပန်းပွဲတော်မှာ အခုလိုပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ၅ ကြိမ်ထက် မနည်း ဥယျာဉ်ကို ပြန်လည် ပြင်ဆင်ခဲ့ရပါတယ်။

(၂) ဘာလီ ရေငုပ်အသင်းက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာဆိုရင်တော့ ခရီးသွားတွေဟာ ရေအောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေမှာပါ စာတွေ ရေးသားပြီး သန္တာကျောက်တန်းတွေရဲ့ သဘာဝအလှအပကို ရုပ်ဆိုးအကျည်းတန်စေခဲ့ပါတယ်။

(၃) Costa Rica နိုင်ငံမှာရှိတဲ့ Guanacaste ကမ်းခြေမှာတော့ ဥဥဖို့ ကမ်းခြေကို တက်လာကြတဲ့ ပင်လယ်လိပ်တွေဟာ ခရီးသွားတွေရဲ့ နှောင့်ယှက်မှု၊ ဓာတ်ပုံရိုက်ကူးမှုနဲ့ ဥတွေကို လိုက်လံ နှိုက်ယူမှုတွေကြောင့် ကမ်းခြေကနေ ပြန်လည် ဆုတ်ခွာခဲ့ကြရပါတယ်။

(၄) တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာရှိတဲ့ တိရစ္ဆာန်ဥယျာဉ် တခုမှာတော့ တိရစ္ဆာန်ရုံ အတွင်းမှာရှိတဲ့ ဒေါင်းတွေကို ခရီးသွားတွေဟာ လိုက်လံ ဖမ်းယူပြီး အမွှေးနှုတ်ခဲ့ကြတာကြောင့် တိရစ္ဆာန် ဥယျာဉ်ဟာ အနည်းနဲ့ အများဆိုသလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကာ ပျက်စီးခဲ့ရပါတယ်။

(၅) ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်းမြို့မှာရှိတဲ့ ရှေးဟောင်းသုတေသန ပြတိုက်တခုမှာ ပြသ ထားရှိထားတဲ့ သူတော်စင် Saint Michael ရုပ်တုဟာ ခရီးသွားတဦးရဲ့ Selfie ဓာတ်ပုံ ရိုက်ကူးမှုကြောင့် ပြန်လည် ပြင်ဆင်လို့ မရလောက်တဲ့အထိ ကျိုးပဲ့ ပျက်စီးသွားခဲ့ရပါတယ်။

(၆) အမေရိကန်ပြည်ထောင်စု၊ Wyoming ပြည်နယ်က Yellowstone အမျိုးသားဥယျာဉ်တွင်းမှာရှိတဲ့ ရေပူစမ်းအိုင်ဟာဆိုရင် မူလ အပြာရောင်ကနေ အခုချိန်မှာတော့ သံချေးရောင်လို အဝါရောင်မျိုးကို ပြောင်းသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေရဲ့ ကံကောင်းစေဖို့အတွက်ဆိုပြီး အကြွေစေ့တွေ ပစ်ထည့်မှုကြောင့် အခုလို အရောင်ပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

Ref. www.boredpanda.com

Loading