၂၀၁၉ ခုနှစ် ကုန်ဆုံးဖို့အချိန် နီးကပ်လာတာနဲ့အမျှ ဂျပန်နိုင်ငံကို လည်ပတ်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယား ခရီးသွားအရေအတွက်က ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ကျဆင်းလာခဲ့ပါတယ်။ ခရီးသွား အရေအတွက်ကျဆင်းလာရတဲ့ အကြောင်းကတော့ နှစ်နိုင်ငံကြား ဆက်ဆံရေး အခြေအနေ ပျက်ယွင်းလာတာကြောင့်ပါ လို့ ဂျပန်အစိုးရက သြဂုတ်လ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ တောင်ကိုရီးယား ခရီးသွား အရေအတွက်က ၇ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အခုဆိုရင်တော့ တောင်ကိုရီးယား နိုင်ငံသားတွေက ဂျပန်ထုတ်ကုန်တွေဖြစ်တဲ့ Asahi ဘီယာကစလို့ Uniqlo ကုမ္ပဏီထုတ် အဝတ်အထည်တွေကိုပါ သပိတ်မှောက်လာခဲ့ကြပါတယ်။
ဂျပန်နိုင်ငံ ခရီးသွားလာရေး အေဂျင်စီရဲ့ ကော်မရှင်အဖွဲ့တယောက်ဖြစ်တဲ့ Hiroshi Tabata ကလည်း တောင်ကိုရီးယား ခရီးသွားကုမ္ပဏီ အများစုက ဂျပန်နိုင်ငံကို လည်ပတ်မယ့် ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။
ဂျပန်ထုတ်ပစ္စည်းတွေကို သပိတ်မှောက်ပြီး လည်ပတ်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းပြီးတဲ့ နောက်မှာတော့ Korean Air နဲ့ Asiana Airlines တွေကလည်း ဂျပန်နိုင်ငံကို ပျံသန်းမယ့် လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာရတဲ့ အကြောင်းကတော့ စစ်ဖြစ်ပွားနေတဲ့အချိန်မှာ အတင်းအဓမ္မ အလုပ် စေခိုင်းခံခဲ့ရတဲ့ တောင်ကိုရီးယားသားတွေကို နစ်နာကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေကို တောင်ကိုရီးယား တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံကို တင်သွင်းနေတဲ့ ကုန်ကြမ်းပစ္စည်းတင်ပို့မှုကို ကန့်သတ်ချက်တချို့ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်က ကန့်သတ်ချက် ပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ တောင်ကိုရီးယားနိုင်ငံ နည်းပညာ ကုမ္ပဏီတွေက လိုအပ်တဲ့ ကုန်ကြမ်းတွေပါ။
အခုလို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံအကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ တခြားလျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေကိုပါ ထိခိုက်လာမယ့်သဘော ရှိနေပါတယ်။
၂၀၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြမယ့် ခရီးသွားအရေအတွက်က သန်း ၄၀ ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ခရီးသွားလုပ်ငန်းကလည်း ကျဆင်းလာနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံသား ၇ ဒဿမ ၅ သန်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို အများဆုံး လာရောက် လည်ပတ်တာက တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံး လာရောက် လည်ပတ်တာကတော့ တရုတ်ပြည်မကြီးက ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ခရီးသွားလာရေးအေဂျင်စီရဲ့ ကော်မရှင် အဖွဲ့ဝင် တယောက်ဖြစ်တဲ့ Hiroshi Tabata ကတော့ “ကျနော်တို့ အနေနဲ့ တောင်ကိုရီးယား ခရီးသွားအရေအတွက် တိုးလာဖို့ လေကြောင်းလိုင်းတွေ၊ ခရီးသွားအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”လို့ ပြောပါတယ်။
Ref. Bangkokpost, Channelnewsasia, Japantimes
You may also like these stories:
တနှစ်ထက် တနှစ် ပိုတိုးတက်လာတဲ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း
၂၀၁၉ ခုနှစ်၊ ၃ လအတွင်း ခရီးသည်ပေါင်း ၈ သန်းကျော် ဝင်ရောက်ခဲ့တဲ့ ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များ
ထူးခြားတဲ့အသွင်အပြင်တွေနဲ့ ဂျပန်နိုင်ငံက ညစီးရထားတွဲ ခရီးစဉ်