တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ခရီးထွက်သူ အရေအတွက်က တနှစ်ထက်တနှစ် ပိုများလာပါတယ်။ အထူးသဖြင့်တော့ အားလပ်ရက် ရာသီမျိုးမှာ လူတွေ ခရီးပိုထွက်လေ့ ရှိပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်၂၀၁၈ ခုနှစ်အတွင်း ခရီးသွားပေါင်း ၁ ဒဿမ ၄ ဘီလီယံ ရှိခဲ့တယ်လို့ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့ဟာ ကုလသမဂ္ဂရဲ့ လက်အောက်မှာ ရှိပြီး ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့အောင်နဲ့ တကမ္ဘာလုံး အတိုင်းအတာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတခုပါ။
အေဂျင်စီအနေနဲ့ သက္ကရာဇ်တခု ကုန်ဆုံးတိုင်း ခရီးသွားလုပ်ငန်း အခြေအနေနဲ့ ခရီးသွား အရေအတွက် စာရင်းကို ထုတ်ပြန်ကြေညာလေ့ ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအရေအတွက်က ၁ ဒဿမ ၄ သန်း ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် စာရင် ၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒါကြောင့်လည်း ခရီးသွားလုပ်ငန်း ဆိုတာမျိုးက ကမ္ဘာ့စီးပွားရေးရဲ့ ဝင်ရိုးဖြစ်တဲ့အကြောင်း ထောက်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်မှာ ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၇ ထရီလီယံ ဝင်ငွေ ရှိခဲ့ပြီး ကမ္ဘာ့ GDP (Gross domestic product) ရဲ့ ၂ ရာခိုင်နှုန်း ရှိပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းက ပိုမို ကောင်းမွန်လာခဲ့သလို နိုင်ငံတော်တော်များများကလည်း ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေများစွာ ရရှိခဲ့ကြပါတယ်။ ဒီအချက်ကိုကြည့်ရင် တိုင်းပြည်ရဲ့စီးပွားရေးဆိုတာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး စတာတွေနဲ့ အများကြီး ပတ်သက်နေတဲ့အကြောင်း တွေ့ရပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့နောက် ၁၉၅၀ ခုနှစ်မှာ ကမ္ဘာအနှံ့မှာ ခရီးသွားပေါင်း ၂၅ သန်း ရှိခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ ၁၆၆ သန်း ၊ ၁၉၉၀ ခုနှစ်မှာ ၄၃၅ သန်းအထိ ရှိလာခဲ့ပါတယ်။ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေကြည့်ရင် ခရီးသွားလုပ်ငန်းက တောက်လျှောက် တိုးတက်လာတာ တွေ့ရပါလိမ့်မယ်။
ခရီးသွားလုပ်ငန်း တိုးတက်လာမှုနဲ့အတူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကလည်း ပိုပြီး အဆင့်မြင့်လာခဲ့ပါတယ်။ အဓိက တိုးတက်လာတာကတော့ လေကြောင်းလိုင်းတွေပါပဲ။
“ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကြောင့် ခရီးသွားလုပ်ငန်းက ပိုပြီး တိုးတက်လာခဲ့တယ်။ အခုလို ခရီးသွားလုပ်ငန်း တိုးတက်လာရတဲ့ အကြောင်းကတော့ အွန်လိုင်းပေါ်က ခရီးသွားတွေရဲ့ သုံးသပ်ချက်တွေနဲ့ ကိုယ် တည်းခိုချင်တဲ့ ဟိုတယ်ကို အွန်လိုင်းကနေ ကြိုတင် ငှားရမ်းနိုင်တဲ့ စနစ်ကြောင့်ပါ”
“ဒီစနစ်က မလိုအပ်တဲ့ ငွေကြေး ကုန်ကျမှုတွေကို လျှော့ချပစ်နိုင်သလို၊ သုံးစွဲသူတွေကိုလည်း စိတ်ကျေနပ် မှု ပေးပါတယ်။ ဒါကြောင့်လည်း လူတွေဟာ မကြာခဏ ခရီးသွားချင်တဲ့ဆန္ဒ ရှိနေကြတာပါပဲ”လို့ ဘောဂဗေဒနှင့်ဘဏ္ဍာရေး တွဲဖက်ပါမောက္ခ တဦးဖြစ်တဲ့ Nikodem Szumilo က ပြောပါတယ်။
ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့က ကောက်ယူထားတဲ့ စာရင်းမှာ ပြည်တွင်း၊ ပြည်ပ နှစ်မျိူးစလုံး ပါဝင်ပါတယ်။ ခရီးသွား ၅ ပုံ ၄ ပုံလောက်ကတော့ ပြည်တွင်း ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ ပြည်ပခရီးထွက်သူ အများစုကလည်း ဥရောပနိုင်ငံတွေကိုသာ အဓိက လည်ပတ်လေ့ ရှိပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ဥရောပနိုင်ငံတွေကို လည်ပတ်ခဲ့တဲ့ ခရီးသွားပေါင်း ၇၁၃ သန်း ရှိခဲ့ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ပြင်သစ်ကို အများဆုံး လာရောက် လည်ပတ်ကြပါတယ်။ နောက်ထပ် ခရီးသွားအများဆုံး လည်ပတ်ကြတာကတော့ စပိန်၊ အမေရိကန်၊ တရုတ်နဲ့ အီတလီ နိုင်ငံတွေပါ။ အင်္ဂလန်နိုင်ငံကတော့ ကမ္ဘာ့သတ္တမမြောက် ခရီးသွားအများဆုံး လာရောက် လည်ပတ်တဲ့နိုင်ငံ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံကို ခရီးသွားပေါင်း သန်း ၉၀ လာရောက်ခဲ့ပြီး အများစုကတော့ ဥရောပနိုင်ငံတွေကပါ။ ဥရောပတိုက်သားတွေ ခရီးသွားနိုင်တဲ့ အကြောင်းကလည်း စီးပွားရေး အခြေအနေ ကောင်းမွန်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ တခြားဒေသတွေမှာပါ ခရီးသွားအရေအတွက်က တိုးလာခဲ့ပါတယ်။ မြောက်အမေရိကမှာ ၁၀ ရာခိုင်နှုန်း တိုးလာခဲ့သလို အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာလည်း ခရီးသွားအရေအတွက် တိုးလာခဲ့ပါတယ်။ အီဖယ် မျှော်စင်၊ ဘက်ကင်ဟမ် နန်းတော်၊ ဘာလင်တံတိုင်း၊ ဗာတီကန် နန်းတော်၊ အီဂျစ် ပိရမစ် စတာတွေဟာ ခရီးသွားအများဆုံး လာရောက်တဲ့ နေရာတွေပါ။
တရုတ်နိုင်ငံသားတွေရဲ့ ဝင်ငွေ တိုးလာတဲ့အတွက် တရုတ်ခရီးသွားတွေကို ကမ္ဘာအနှံ့မှာ မြင်နိုင်ပါတယ်။ တရုတ် ခရီးသွားတွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာတော့ ဇီးရိုးဘတ်ဂျက်ဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာလုံး အတိုင်းအတာနဲ့ တရုတ်ခရီးသွားတွေ လည်ပတ်နေကြပါတယ်။
တရုတ် ခရီးသွားတွေအနေနဲ့ နိုင်ငံတိုင်းကိုတော့ ဇီးရိုးဘတ်ဂျက်မှာ အခြေခံပြီး လည်ပတ်စရာ အကြောင်း မရှိပါဘူး။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ကြတဲ့ တရုတ်ခရီးသွား အရေအတွက် ၁၄၃ သန်း ရှိပါတယ်။ အားလုံးဟာ ဇီးရိုးဘတ်ဂျက် အခြေခံနဲ့ ခရီးထွက်နေကြတယ်လို့တော့ ပြောလို့ မရပါဘူး။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း တရုတ်ခရီးသွား အရေအတွက်က ပထမနေရာမှာ ရှိနေပြီး ဂျာမနီခရီးသွား ၉၂ သန်း၊ အမေရိကန်ခရီးသွား ၈၇ ဒဿမ ၈ သန်းနဲ့ အင်္ဂလန်ခရီးသွား ၇၄ ဒဿမ ၂ သန်း ရှိပါတယ်။ ဒီ ၄ နိုင်ငံက နိုင်ငံသားတွေဟာ ကမ္ဘာပတ်ပြီး ခရီးသွားနေကြတဲ့လူတွေ ဖြစ်ပါတယ်။
ယေဘုယျကျကျ စဉ်းစားမယ်ဆိုရင်လည်း နိုင်ငံသား တဦးချင်းရဲ့ ဝင်ငွေ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ ကမ္ဘာပတ်နိုင်တဲ့ အကြောင်းကတော့ လူလတ်တန်းစားတွေရဲ့ဝင်ငွေ တိုးလာတဲ့ အတွက်ကြောင့်လို့ ဆိုပါ တယ်။ ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာပတ်နေကြတဲ့ တရုတ်ခရီးသွားပေါင်း သန်း ၂၀၀ အထိ ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref. The Guardian, verdict.co.uk
You may also like these stories:
မြိတ်ကျွန်းစု ခရီးသွားဖို့ စပိဒ်ဘုတ်တွေ ဆောက်သူ
ကမ္ဘောဒီးယားကို ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပမယ့် ၂၀၁၉ ခရီးသွားပွဲတော်