Stone City ရဲ့ သမိုင်းဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ Stone City တည်ရှိနေတဲ့ နေရာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Tashkurgan စီရင်စု မြောက်ပိုင်းမှာ ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၃,၁၀၀ မီတာ (၁၀,၁၇၀ ပေ) အမြင့်မှာ တည်ရှိပါတယ်။ Tashkurgan ဆိုတဲ့ စကားလုံးဟာ တူရကီဘာသာစကားဖြစ်ပြီး “Stone City” လို့ အဓိပ္ပာယ် ရပါတယ်။
Stone City ကို ကျော်ကြားစေတဲ့ အကြောင်းကတော့ တည်နေရာကြောင့်လို့ ပြောမယ်ဆိုလည်း ရပါတယ်။ Stone City ရဲ့ တည်နေရာဟာ ကမ္ဘာကျော် ပိုးလမ်းမကြီးရှိရာ လမ်းဆုံမှာ တည်ရှိနေတဲ့အတွက်ကြောင့် ဖြစ်သလို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသဖြစ်တဲ့ Xinjiang ဒေသ အတွင်း တည်ရှိပါတယ်။ Xinjiang ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။
ဟန်မင်းဆက် လက်ထက်တုန်းကတော့ Stone City ဟာ ရှေးဟောင်း တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဟန်မင်းဆက် လက်ထက်တုန်းက တရုတ်အနောက်ပိုင်းဒေသကို Puli နိုင်ငံလို့ ခေါ်ခဲ့ကြပြီး Stone City က Puli နိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ပါတယ်။ ဟန်မင်းဆက်ရဲ့ Puli နိုင်ငံမှာဆိုရင် ပြည်နယ်ပေါင်း ၃၆ ပြည်နယ်အထိ ရှိခဲ့ပါတယ်။
တန်မင်းဆက် လက်ထက်မှာတော့ ကွဲပြားနေတဲ့ နိုင်ငံအားလုံးကို စုစည်းပြီး နိုင်ငံ တနိုင်ငံတည်းဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် အနောက်ပိုင်းဒေသမှာ တည်ရှိတဲ့ ဟန်မင်းဆက်ရဲ့ Puli နိုင်ငံကလည်း တန်မင်းဆက် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ တန်မင်းဆက်ဟာ ကွဲပြားနေတဲ့ နိုင်ငံတွေကို စုစည်းပြီး နိုင်ငံ တနိုင်ငံထူထောင်ပြီးတဲ့နောက်မှာတော့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးတွေကို Stone City မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်မှာတော့ ဟောင်းနွမ်းနေတဲ့ အဆောက်အဦတွေကို အသစ် ပြန်လည် တည်ဆောက်ခဲ့ပြီး နယ်မြေ အကျယ်အဝန်းကိုလည်း ထပ်မံ ချဲ့ထွင်ခဲ့ပါတယ်။ Qing မင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်မှာတော့ Stone City ရဲ့တောင်ဘက်မှာ မြို့သစ် တည်ခဲ့ပြီး Stone City လည်း ဖျက်ဆီးခံခဲ့ရပါတယ်။
အပျက်အစီးတွေနဲ့ Stone City ဟာ နောက်ပိုင်း ကာလတွေမှာတော့ ခရီးသွားတွေ လည်ပတ်စရာ နေရာ တနေရာ ဖြစ်လာခဲ့ပါတယ်။ Stone City ကို ဝန်းရံထားတဲ့ အရာတွေကတော့ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ သန့်ရှင်းကြည်လင်တဲ့ မြစ်တွေနဲ့ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တွေပါပဲ။
Stone City မှာ နေထိုင်ကြသူအများစုကတော့ Tajik လူမျိုးစုတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှေးကျတဲ့ Tajik လူမျိုးတွေရဲ့ အမျိုးသားရေး စရိုက် လက္ခဏာတွေကို ရှေးဟောင်းမြို့တော်ဖြစ်တဲ့ Stone City မှာ တွေ့နိုင်ပါတယ်။
Stone City ဟာ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်မှာ တည်ရှိတဲ့ မြို့လေး တမြို့လည်း ဖြစ်ပါတယ်။ အဲဒီမြို့မှာ နေထိုင်သူ အများစုက သိုးမွေးမြူရေးနဲ့ သိုးမွှေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဒါကြောင့်လည်း သိုးနဲ့ ပတ်သက်တဲ့ ကုန်စည်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားရာ မြို့တမြို့ပါ။ ကော်ဇောရောင်းဝယ်ရေး လုပ်ငန်းကလည်း နာမည်ကြီးသလို အထူးသဖြင့်တော့ ဥယျာဉ်ခြံတွေက Stone City ကို ဝန်းရံထားတာ ဖြစ်ပါတယ်။
Ref. topchinatravel.com, chinatravel.com