အားလပ်ရက် အပန်းဖြေခရီး ထွက်မယ့်သူတွေဟာ အခန်း မရမှာ စိုးရိမ်တဲ့အတွက် ဟိုတယ် အခန်းတွေကို ကြိုတင် ငှားရမ်းလေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်ဟာ အင်တာနက်ခေတ် ဖြစ်တာနဲ့အညီ ဟိုတယ်အခန်းတွေကို ကြိုတင် ငှားရမ်းတဲ့အခါ အင်တာနက်ကို အသုံးပြုပြီး ငှားရမ်းလေ့ ရှိလာကြပါတယ်။
ခရီးသွားမယ့်သူတွေ အနေနဲ့ သတိပြုရမယ့် အချက်ကတော့ အင်တာနက်မှာ ဖော်ပြထားသမျှဟာ အလုံးစုံ အမှန်တွေချည်း မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ အင်တာနက်မှာ ရှာကြည့်လိုက်ရင် ဟိုတယ်ကြော်ငြာ အများစုကို တခမ်းတနား ဖော်ပြထားပေမယ့် ကိုယ်တကယ် သွားတည်းတဲ့အခါ အင်တာနက်မှာ တွေ့ခဲ့ရသလို မဟုတ်တာမျိုးလည်း ရှိတတ်ပါတယ်။
ဒါကြောင့်လည်း ငွေကြေး အတိုင်းအတာတခု သတ်မှတ်ပြီး ခရီးထွက်သူတွေ အနေနဲ့ ကိုယ်ပေးရတာနဲ့ ထိုက်တန်တဲ့ ဟိုတယ်အခန်းတွေမှာ တည်းခိုရဖို့ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ ဟိုတယ် အခန်းတွေကို ကြိုတင် ငှားရမ်းသူတွေ သိထားသင့်တဲ့ အချက်တွေပါပဲ။
(၁) တည်နေရာ
ဟိုတယ်အခန်းတွေ ငှားရမ်းတဲ့အခါ အရေးကြီးတဲ့ အချက်ကတော့ ဟိုတယ်ရဲ့ တည်နေရာပါ။ ကိုယ်တည်းခိုမယ့် ဟိုတယ်ဟာ ကိုယ်သွားချင်တဲ့ နေရာနဲ့ နီးဖို့ လိုအပ်သလို ကိုယ်စားသောက်ချင်တဲ့ အစားအစာတွေ အလွယ်တကူ ရနိုင်တဲ့ နေရာမှာ ရှိနေသင့်ပါတယ်။ တယောက်တည်း အေးအေးဆေးဆေး လည်ပတ်ချင်သူတွေအတွက်တော့ ဒီအချက်ကို ခြွင်းချက်အနေနဲ့ ထားလို့ ရပါတယ်။
ဟိုတယ်အများစုကတော့ သူတို့ ဟိုတယ်ရဲ့တည်နေရာကို Website မှာ ဖော်ပြထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ခရီးသွားတွေအနေနဲ့ Google Map ကို သုံးပြီး ဟိုတယ်က ဖော်ပြထားတဲ့ တည်နေရာဟာ မှန်ရဲ့လား ဆိုတာကို သိနိုင်ပါတယ်။ ကိုယ်သွားမယ့် နေရာနဲ့ ဟိုတယ်ရဲ့ အကွာအဝေးကိုလည်း တွက်ဆနိုင်ပါတယ်။
Google Street View ကို သုံးပြီး ဟိုတယ်အနီး ပတ်ဝန်းကျင်မှာရှိတဲ့ လမ်းကြောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေနေပြီ ဆိုရင်တော့ အဲဒီ ဟိုတယ်အခန်းကို ငှားရမ်းသင့်ပါတယ်။ ဟိုတယ် Website နဲ့ Facebook Page မှာ ဖော်ပြထားတဲ့ အချက်အလက်လောက်နဲ့ ဟိုတယ် အခန်းတွေကို ကြိုတင် မငှားရမ်းလိုက်ပါနဲ့။
(၂) တည်းခိုခဲ့ဖူးသူတွေရဲ့ သဘောထားအမြင်
ဟိုတယ်အခန်း ငှားရမ်းတော့မယ်ဆိုရင် ကိုယ့်ထက် အရင် တည်းခိုခဲ့ဖူးသူတွေရဲ့ သဘောထားအမြင်ကိုလည်း ရယူသင့်ပါတယ်။ ခရီးသွားတွေရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလေ့ ရှိတဲ့ Website တွေကိုလည်း ကြိုတင် လေ့လာသင့်ပါတယ်။ ခရီးသွားတွေရဲ့ သုံးသပ်ချက်တွေက အမြဲမှန်နိုင်တာမျိုး မဟုတ်ပေမယ့်လည်း အသုံးတော့ ဝင်ပါတယ်။
သုံးသပ်ချက် အများအပြားကို ဖတ်ရှုပြီးတဲ့ နောက်မှာတော့ ကိုယ်တည်းခိုရမယ့် ဟိုတယ်ကို အကောင်းဆုံး ရွေးချယ်နိုင်ပါလိမ့်မယ်။ ဖိလစ်ပိုင်နိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေအတွက် Southpole Central ဟိုတယ်မှာ တည်းခိုသင့်တယ် ဆိုတဲ့အကြောင်း ခရီးသွား ၁၃၀ ကျော်ရဲ့ သဘောထားအမြင်ကို TripAdvisor Website မှာ ဖော်ပြထားပါတယ်။
(၃) ဂုဏ်သတင်း
မြန်မာစကားပုံမှာ “လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်” ဆိုပြီး ရှိပါတယ်။ ဒါကြောင့် ဟိုတယ်ရဲ့ ကောင်း၏ ၊ ညံ့၏ သတင်းကလည်း ခရီးသွားတွေအတွက် အရေးကြီးပါတယ်။ ကိုယ်တည်းခိုမယ့် ဟိုတယ်ဟာ အမြဲလိုလို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေလားဆို တာ သိထားသင့်ပါတယ်။
တချို့ ဟိုတယ်ခန်းတွေဟာ ဈေးကြီး ပေးငှားရပေမယ့်လည်း “အိမ်သာ မကောင်းတာ၊ ရေ၊ မီး ပုံမှန် မလာတာ၊ တံခါး ပိတ်မရတာ၊ ကားလမ်းမနဲ့ နီးတဲ့အတွက် ကားသံတွေကြောင့် ညအိပ် မပျော်တာ၊ အနံ့အသက်မကောင်းတာ” စတဲ့ အချက်တွေ ရှိနေတတ်ပါတယ်။
တချို့ ဟိုတယ်တွေကတော့ မနက်စာကို ဖြစ်သလိုကျွေးလေ့ ရှိပါတယ်။ ဒီလိုဆိုရင် ငွေကုန်တာနဲ့ မတန်တဲ့ ဟိုတယ်တွေပါ။ ဒါကြောင့် ငွေပေးရတာနဲ့ တန်တဲ့ ဟိုတယ်မှာ တည်းခိုနိုင်ဖို့ ဟိုတယ်ရဲ့ ဂုဏ်သတင်းနဲ့ ခရီးသွားတွေရဲ့ သုံးသပ်ချက်က တကယ်ကို အရေးကြီးပါတယ်။
(၄) ဈေးနှုန်း
ဟိုတယ်ခန်း ၁ ခန်းရဲ့ဈေးနှုန်းက စိတ်ဝင်စားစရာပါပဲ။ ကြယ်ပွင့်အဆင့် ရရှိထားတဲ့ ဟိုတယ်တွေဟာ ဟိုတယ်ခန်း ဈေးနှုန်းတွေကို မြှင့်ထားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ကိုယ်အသုံးပြုမယ့် ငွေပမာဏကို စဉ်းစားထားရပါမယ်။ ပရိုမိုးရှင်းကာလ၊ လျှော့ဈေးပေးနေတဲ့ ကာလတွေနဲ့ တိုက်ဆိုင်နေလား ဆိုတာကိုလည်း လေ့လာထားရပါမယ်။ ဒီအချက်တွေကို ကြိုတင် လေ့လာထားမယ်ဆိုရင် ကိုယ်သုံးမယ့် ငွေပမာဏအပေါ် မူတည်ပြီး ဟိုတယ်ခန်း ကောင်းကောင်းမှာ ဇိမ်ကျကျ တည်းခိုနိုင်ပါလိမ့်မယ်။
ဟိုတယ်နဲ့ တည်းခိုခန်း တချို့တွေမှာတော့ လေအေးပေးစက် တပ်ထားတဲ့ အခန်းက ဈေး တမျိုး၊ ပန်ကာခန်းက ဈေးတမျိုး ရှိနေတတ်ပါတယ်။ မီးပျက်တဲ့ အချိန်နဲ့ ကြုံမယ်ဆိုရင်တော့ နေ့ခင်းဘက်မှာ လေအေးပေးစက်ကော၊ ပန်ကာပါ အသုံးပြုလို့ မရဘဲ ညရောက်မှသာ အသုံးပြုလို့ရလေ့ ရှိပါတယ်။
တချို့ဟိုတယ်တွေဟာ အခန်းခ ဈေးကြီးကြီး ပေးတည်းရပေမယ့် Wi-Fi အဆင်မပြေတာမျိုး၊ အခန်းတွင်း အပြင်အဆင်နဲ့ ဝန်ဆောင်မှုကလည်း ညံ့ဖျင်းတာမျိုးတွေ ရှိပါတယ်။ ညအချိန်မတော် တမြို့တရွာ ရောက်နေသူတွေ ဒီလို ဟိုတယ်တွေမှာ မတည်းခိုမိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း ကိုယ်သွားမယ့် ဒေသရဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို သေချာ လေ့လာပြီးမှ တည်းခိုနေထိုင်ဖို့ အကြံပြု ရေးသားလိုက်ပါတယ်။
Ref. traveldailynews.com