“ကမ္ဘာ့အလုပ်သမားနေ့”ကို မေလ ၁ ရက်နေ့မှာ ကမ္ဘာတဝှမ်း ကျင်းပလေ့ ရှိကြပါတယ်။ May Day နေ့ဟာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့နေ့ ဖြစ်ပေမယ့် အခုဖော်ပြမယ့် အလုပ်သမားနေ့ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့နဲ့သာ သက်ဆိုင်တဲ့နေ့ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပလေ့ရှိတဲ့ အလုပ်သမားနေ့ကတော့ စက်တင်ဘာလရဲ့ ပထမပတ် တနင်္လာနေ့မှာ ကျရောက်ပြီး စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံတွေက အလုပ်သမားတွေကို ဂုဏ်ပြုလိုတဲ့ အတွက်ကြောင့်ပါ။
အလုပ်သမားနေ့ကို ဖက်ဒရယ် အားလပ်ရက်လို့လည်း ခေါ်လေ့ရှိသလို အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ အလုပ်သမားနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် အမေရိကန်ပြည်ထောင်စု၊ Oregon ပြည်နယ်မှာ ၁၈၈၇ ခုနှစ်က စတင်ကျင်းပခဲ့ပါတယ်။ ၁၈၉၄ ခုနှစ်မှာတော့ ဖက်ဒရယ် အားလပ်ရက်လို့ ဖြစ်လာခဲ့ပြီး ပြည်နယ်ပေါင်း ၃၀ မှာ အလုပ်သမားနေ့အဖြစ် တရားဝင် ကျင်းပခဲ့ကြပါတယ်။
အခုကျင်းပမယ့် အလုပ်သမားနေ့မှာ ခရီးသည်ပေါင်း ၁၇ ဒဿမ ၅ သန်းလောက် လာရောက်မယ်လို့ Airlines for America က ခန့်မှန်းထားပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ အလုပ်သမားနေ့ ကျင်းပမယ့် ရက်အတောအတွင်း ခရီးစဉ် အများအပြား ပြေးဆွဲဖို့ ရှိနေပြီး တရက်ကို ပျမ်းမျှ ခရီးသည် ၂ ဒဿမ ၅၁ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
မနှစ်ကထက်စာရင် ခရီးသွားအရေအတွက် ၄ ရာခိုင်နှုန်း တိုးလာနိုင်ဖွယ် ရှိတယ်လို့ Airlines for America က ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း လေကြောင်းလိုင်းတွေ အလုပ်အရှုပ်ဆုံးအချိန်ကတော့ အားလပ်ရက် မတိုင်ခင်အချိန်နဲ့ အားလပ်ရက် ပြီးသွားတဲ့ အချိန်တွေပဲ ဖြစ်ပါလိမ့်မယ်။
“လူတွေကြည့်ရတာ စီးပွားရေးကောင်းနေပုံ ရပါတယ်။ အလုပ်သမားနေ့ အားလပ်ရက်အတွင်း လာကြမယ့် ခရီးသွား ပမာဏက ကျနော်တို့ လေကြောင်းလိုင်းတွေအတွက် စံချိန်တင် ပမာဏ ဖြစ်ပါလိမ့်မယ်”လို့ Airlines for America ရဲ့ ဒုက္ကဋ္ဌ John Heimlich က ပြောပါတယ်။
Ref. MSN
You may also like these stories:
မေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အကောင်းဆုံးနဲ့ အညံ့ဆုံး လေဆိပ်များ
ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးများ