Travel

တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ

Want create site? Find Free WordPress Themes and plugins.

အာဆီယံဒေသတွေအတွက် တရုတ်ခရီးသွားတွေဟာ အရေးကြီးတဲ့ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွေကို တရုတ်ခရီးသွားတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။ တရုတ်ခရီးသွားတွေနဲ့အတူ တပါတည်း တွဲပါလာတာကတော့ ဇီးရိုးဘတ်ဂျက်ဆိုတဲ့ အရာပါ။

မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား အများစုဟာ ဇီးရိုးဘတ်ဂျက် အခြေခံနဲ့ လာရောက် လည်ပတ်ကြတဲ့အတွက် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် နစ်နာမှုတွေ ရှိနေသလို ဒေသခံတွေရဲ့ အကျိုးစီးပွားကိုလည်း များစွာ ထိခိုက်နေတာ မြင်တွေ့ရပါတယ်။

ဒါကြောင့်လည်း ပြည်တွင်း ခရီးသွားအေဂျင်စီတွေနဲ့ ဧည့်လမ်းညွှန်အသင်းစတဲ့ အဖွဲ့အစည်းတွေက အရှိန်အဟုန်မြင့်လာတဲ့ တရုတ် ဇီးရိုးဘတ်ဂျက် ခရီးသွားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။

ဇီးရိုးဘတ်ဂျက် ဆိုတာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်လိုတဲ့ တရုတ်ခရီးသွားတွေကို တရုတ်ခရီးသွား အေဂျင်စီတွေက တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကိုပဲ အသုံးပြုစေပြီး သတ်မှတ်ပေးထားတဲ့ အမှတ်တရ အရောင်း ပစ္စည်းဆိုင်တွေမှာပဲ ဝယ်ယူအားပေးစေတာ ဖြစ်ပါတယ်။

ငွေပေးချေတဲ့ စနစ်ကလည်း တရုတ်နိုင်ငံရဲ့အကြွေးဝယ်စနစ်ကို အသုံးပြုတာဖြစ်သလို တရုတ် ခရီးသွားအေဂျင်စီတွေမှာ ကြိုတင် ငွေချေလာတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဝင်ငွေ ဆုံးရှုံးရသလို အခွန်လည်း နစ်နာစေပါတယ်။

၃၈ ကြိမ်မြောက် အာဆီယံ ခရီးသွားလာရေးလုပ်ငန်းဖိုရမ် (ASEAN Tourism Forum) ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့ပြီး အဲဒီဖိုရမ်မှာ အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ခရီးသွားတွေဟာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံတွေအတွက် နိုင်ငံခြားဝင်ငွေ ရရှိရာ အရင်းအမြစ် ဆိုပေမယ့် တရုတ် ခရီးသွားတွေနဲ့ ပတ်သက်နေတဲ့ ဇီးရိုးဘတ်ဂျက်အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာနိုင်ငံကို လာရောက်ကြတဲ့ တရုတ် ခရီးသွားများ (ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

ဇီးရိုးဘတ်ဂျက် ဒဏ်ကိုခံနေရတာ မြန်မာနိုင်ငံ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အာဆီယံဒေသ တော်တော်များများလည်း တရုတ် ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ၂၀၁၆ ခုနှစ်ကတည်း ထိုင်းနိုင်ငံဟာ ဇီးရိုးဘတ်ဂျက်ကို တားဆီးနိုင်ဖို့ အစီအစဉ်တွေ ချမှတ်ထားခဲ့ပါတယ်။

ဇီးရိုးဘတ်ဂျက်ကြောင့် ထိုင်းနိုင်ငံဟာ နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ နီးပါး ဆုံးရံှုးခဲ့ရပါတယ်။ ဇီးရိုးဘတ်ဂျက်လုပ်ငန်း လုပ်ဆောင်နေတဲ့ ခရီးသွားကုမ္ပဏီ ၃ ခုကိုလည်း ပိတ်နိုင်ခဲ့သလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဘတ်စ်ကားပေါင်း ၂,၁၅၅ စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ တိုင်းပြည် ဝင်ငွေကို ဆုံးရှုံးစေတဲ့ ခရီးသွားလုပ်ငန်းတွေကို ထိုင်းအစိုးရက တောက်လျှောက် နှိမ်နင်းလာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကလည်း တရုတ် ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံခဲ့ရဖူးပါတယ်။ ၂၀၁၆ ခုနှစ် အတွင်း ဘာလီကျွန်းကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွား ၁ ဒဿမ ၄ သန်း ရှိခဲ့ပေမယ့် ၇၀ ရာခိုင်နှုန်းဟာ ဇီးရိုးဘတ်ဂျက်နဲ့ လာရောက်သူတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဖြစ်တဲ့ Thong Khon ကလည်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေ အားလုံးမှာ ကြုံခဲ့ရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက်ဟာ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက် ခရီးသွားပုံစံနဲ့ အတူတူပါပဲ။ တရုတ် ခရီးသွားအများစုဟာ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေကြတဲ့ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး အာဆီယံဒေသတွေကို ဝင်ရောက်လာကြပါတယ်။

နေထိုင် စားသောက်တော့လည်း တရုတ်လူမျိုးတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာသာ နေထိုင် စားသောက်ကြသလို ငွေပေးချေတဲ့ အခါမှာလည်း မိုဘိုင်းငွေပေးချေမှု စနစ်ဖြစ်တဲ့ We Chat ၊ Alipay စတာတွေနဲ့သာ ပေးချေလေ့ ရှိတဲ့အတွက် ငွေအလုံးအရင်းကလည်း တရုတ်နိုင်ငံထဲကိုသာ ပြန်ပြီး စီးဝင်သွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလကစပြီး တရုတ်ခရီးသွားတွေကို ဗီဇာ ဖြေလျှော့ပေးခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ် ခရီးသွား အရေအတွက်က ၃ သိန်းကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ တရုတ်ခရီးသွား ၂ သိန်းကျော် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါတယ်။

ဇီရိုးဘတ်ဂျက်ကြောင့် နိုင်ငံတော် အခွန်ဆုံးရှုံးသလို ဒေသခံတွေရဲ့ အကျိုးစီးပွားတွေလည်း ထိခိုက် နစ်နာတဲ့အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တရုတ်ခရီးသွား ဧည့်သည်တွေကို စောင့်ကြည့် လေ့လာမယ့် အဖွဲ့တွေ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံဒေသတွေမှာ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

Ref. The ASEAN Post, www.eurasiareview.com

You may also like these stories:

ဇီးရိုးဘတ်ဂျက် ခရီးသွားသီးသန့် ရောင်းသည့် ကျောက်မျက်ဆိုင်များ လိုင်စင်မရှိက တိုင်ကြားနိုင်

တရုတ်ခရီးသွား လာရောက်မှု ယမန်နှစ်ထက် ၂သိန်းနီးပါး တိုးလာ

တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်

ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး

ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား

Did you find apk for android? You can find new Free Android Games and apps.
Loading