ထိုင်းနိုင်ငံရဲ့ အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီး အသစ်ဖြစ်သူ Phiphat Ratchakitprakarn ဟာ နိုင်ငံစီးပွားရေးအတွက် ခရီးသွားလာရေးဆိုင်ရာ မူဝါဒတချို့ ပြုပြင်ပြောင်းလဲလိုသူ တယောက်ပါ။ ဝန်ကြီးဖြစ်လာပြီးတဲ့နောက်ပိုင်း အဓိက ဦးစားပေးအနေနဲ့ ကျဆင်းနေတဲ့ ဥရောပနဲ့ အမေရိက ခရီးသွားဈေးကွက်ကို ပြန်လည် ခေါင်းမော့လာနိုင်အောင် အစီအစဉ်အသစ်တွေ ချမှတ်ခဲ့ပါတယ်။
ဝန်ကြီးရဲ့ စိတ်ကူးကတော့ ထိုင်းရိုးရာ မာဆတ်လုပ်ငန်းတွေနဲ့ ဥရောပ၊ အမေရိက ခရီးသွားဈေးကွက်ကို ချဲ့ထွင်ဖို့ဖြစ်ပြီး ၆ လ ဒါမှမဟုတ် ၁ နှစ်အတွင်း ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ဒေသထွက် အမှတ်တရပစ္စည်း ရောင်းချသူတွေကလည်း ၂၀၁၈ ခုနှစ်ထက်စာရင် ခရီးသွား ၃၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာတော့ ထိုင်းအားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးဟာ ဖူးခတ်ကို သွားရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးသွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေကို ကတိပေးခဲ့ပါသေးတယ်။
အဲဒီနောက်မှာတော့ ဝန်ကြီးဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဗီဇာ ကင်းလွတ်ခွင့်ပြုဖို့ အစီအစဉ်ချမှတ်ခဲ့ပြီး ဝန်ကြီးများအဖွဲ့ကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော် လုံခြုံရေးကိစ္စ အကြောင်းပြပြီး ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားဝန်ကြီးတို့က သဘော မတူခဲ့ကြပါဘူး။
ခရီးသွားဝန်ကြီး တင်ပြတဲ့ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို လက်မခံဖို့ နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာကို စာတစောင် ရေးပြီး မေတ္တာရပ်ခံခဲ့ရပါသေးတယ်။ တကယ်လို့များ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ သဘာဝ ဘေးအန္တရာယ်လို ကိစ္စမျိုးပေါ်လာခဲ့ရင် တရုတ်နဲ့ အိန္ဒိယနိုင်ငံသားအများအပြား ထိုင်းနိုင်ငံထဲ ရောက်လာစရာ အကြောင်းရှိတယ်လို့ ဖော်ပြထားပါတယ်။
ဗီဇာ ကင်းလွတ်ခွင့်သာ ပြုလိုက်ရင် လူဦးရေ ၁ ဒဿမ ၂ ဘီလီယံကျော်ရှိတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားပေါင်းများစွာ ရောက်ရှိလာနိုင်တဲ့အတွက် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်လာနိုင်စရာ အကြောင်း ရှိတယ်လို့ စာမှာ ရေးသားထားပါတယ်။ အခုဆိုရင်လည်း အိန္ဒိယနိုင်ငံမှာ မိုးသည်းသည်းထန်စွာ ရွာခဲ့တဲ့အတွက် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးကတော့ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်ပြီး “ကျနော်ကတော့ ထိုင်းရဲတပ်ဖွဲ့ကို ယုံကြည်ပါတယ်။ တကယ်လို့ ဝန်ကြီးများအဖွဲ့က ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို လက်မခံဘူးဆိုရင်တော့ ရာဇဝတ်မှုတွေကတော့ ထိုင်းနိုင်ငံမှာ ဆက်ပြီးဖြစ်နေဦးမှာပါပဲ။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဗီဇာကင်းလွတ်ခွင့်ကို သဘောတူထားပါတယ်”လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ခရီးသွားလုပ်ငန်း ကောင်းမွန်တဲ့ နေရာတွေမှာ အရက်ဆိုင်တွေနဲ့ ဘားတွေကို မနက် ၄ နာရီအထိ ဖွင့်လှစ်ဖို့ သဘောတူကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့သဘောထားနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဆွေးနွေးမှာဖြစ်သလို ကျန်တဲ့ ဝန်ကြီးတွေနဲ့လည်း ဆက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အရက်ဆိုင်တွေနဲ့ ဘီယာဆိုင်ပိတ်ချိန်တွေကို မနက် ၂ နာရီ သတ်မှတ်ထားပါတယ်။ ခရီးသွားဝန်ကြီးကတော့ အချိန် ၂ နာရီ တိုးပေးလိုက်ရင် ခရီးသွားတွေအနေနဲ့ နောက်ထပ်ငွေ ၂၅ ရာခိုင်နှုန်း ထပ်ပြီးသုံးနိုင်တယ်လို့ ယုံကြည်နေပါတယ်။
သူပြောတဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံ တနိုင်ငံလုံးအတွက် မဟုတ်ဘဲ Silom, Patong, Ao Nang နဲ့ Koh Samui ဒေသတွေလို ခရီးသွားတွေ အလာများတဲ့ နေရာတွေအတွက်ပဲလို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွား အရေအတွက်ကလည်း ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရီးသွား ၄၀ ဒဿမ ၂ သန်း လာရောက်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် မူဝါဒဆိုင်ရာ အခက်အခဲတွေကြောင့် အခုဆိုရင် ၃၉ ဒါမှမဟုတ် ၃၉ ဒဿမ ၈ သန်းလောက်အထိသာ မျှော်လင့်ကြောင်း အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ပြောပါတယ်။
Ref. Bangkokpost, Thethaiger, thephuketnews
You may also like these stories:
အာရှနိုင်ငံများ ဗီဇာ ကင်းလွတ်ခွင့်နှင့် ဆိုက်ရောက် ဗီဇာ စမ်းသပ်ခွင့်ပြု သက်တမ်းတိုး
တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပြုမယ့်အဆို ထိုင်းဒုဝန်ကြီးချုပ် သဘောမတူ
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း