ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံအထိ ဆိုင်ကယ် မောင်းနှင်ခဲ့ကြတဲ့ မြန်မာမော်တော်ဆိုင်ကယ်သမား နှစ်ယောက်ဟာ အခုဆိုရင် အင်္ဂလန်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ခရီးစတင်ပြီး ၃ လပြည့်တဲ့နေ့ သြဂုတ်လ ၂၆ ရက်နေ့မှာပဲ အင်္ဂလန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
သမိုင်းတွင်မယ့် သူတို့ နှစ်ယောက်ရဲ့ ဆိုင်ကယ်ခရီးစဉ်ဟာ သြဂုတ်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲဝန်းကျင် လောက်မှာ ပြီးဆုံးခဲ့ပါတယ်။
Motourlogue အဖွဲ့သားတွေဖြစ်ကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွမ်ဖတို့ နှစ်ယောက်ဒီခရီးမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ဖြတ်ကျော် မောင်းနှင်ပြီးတဲ့နောက် ၁၉ နိုင်ငံမြောက်ဖြစ်တဲ့ အင်္ဂလန်နိုင်ငံကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပါတယ်။
၃ လကြာ ဆိုင်ကယ်မောင်းနှင်ပြီးတဲ့ နောက်မှာတော့ သူတို့ ၂ ယောက်ဟာ မိုင်ပေါင်း ၁၇,၃၉၇ မိုင် (ကီလိုမီတာ ၂၇,၉၉၈) ကို အခက်အခဲတွေကြားကပဲ မောင်းနှင်နိုင်ခဲ့ပါတယ်။သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ကို လေ့လာကြည့်ရင် စိတ်အား ထက်သန်မှု၊ သတ္တိရှိမှု၊ အချိန် စီမံခန့်ခွဲနိုင်မှု စတာတွေကို တွေ့ရပါလိမ့်မယ်။ သူတို့ နှစ်ယောက်ရဲ့အောင်မြင်မှုဟာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။
ခရီးလမ်းတလျှောက်မှာလည်း မြန်မာ မိသားစုတွေက သူတို့ နှစ်ယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ခရီးမထွက်ခင်ကတည်းက သူတို့ နှစ်ယောက်ဟာ ၃ လအတွင်း အင်္ဂလန်နိုင်ငံကို အရောက် မောင်းဖို့ ရည်မှန်းချက် ထားခဲ့ပါတယ်။ အခုဆိုရင်တော့ သူတို့ နှစ်ယောက် ရည်မှန်းချက်က ပြည့်ခဲ့ပါပြီ။
သူတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဒီခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံ ဖြတ်ကျော်ခွင့် ရဖို့အတွက် စာရွက်စာတမ်းတွေ ရအောင် ၈ လလောက် စောင့်ခဲ့ရပါတယ်။ မနေ့က သြဂုတ်လ ၂၆ ရက်နေ့မှာတော့ သူတို့ နှစ်ဦးရဲ့ ပန်းတိုင်ဖြစ်တဲ့ လန်ဒန်မြို့ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
You may also like these stories:
မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်
ရန်ကုန်ကနေ အင်္ဂလန်အထိ ဆိုင်ကယ်မောင်းပြီး ကမ္ဘာပတ်မယ့် မြန်မာနိုင်ငံသား နှစ်ယောက်