ဂျာမနီနိုင်ငံဟာ ဖက်ဒရယ် သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ်ပေါင်း ၁၆ ပြည်နယ်နဲ့ ဖွဲ့စည်းထားပါတယ်။ လူဦးရေ ၈၃ သန်းနီးပါး ရှိပြီး ရုရှားနိုင်ငံပြီးရင် ဥရောပမှာ ဒုတိယမြောက် လူဦးရေအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ မြို့တော်ကတော့ ဘာလင်ဖြစ်ပြီး Frankfurt မြို့ကတော့ စီးပွားရေး မြို့တမြို့ ဖြစ်ပါတယ်။ Frankfurt မြို့ လေဆိပ်ဟာလည်း ဂျာမနီနိုင်ငံရဲ့ လူအစည်ကားဆုံး လေဆိပ် ဖြစ်ပါတယ်။
ဘာလင်တံတိုင်းက ဂျာမနီနိုင်ငံရဲ့ အမှတ်သင်္ကေတ တခုဖြစ်သလို ခရီးသွားအများအပြား လာရောက်လေ့ ရှိတဲ့ နေရာ တနေရာပါ။ ဂျာမနီနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ခရီးအထွက်ဆုံး လူတွေစာရင်းမှာ ဒုတိယ နေရာက ပါဝင်ပါတယ်။ ပထမကတော့ တရုတ်လူမျိုးတွေ ဖြစ်ပြီး ဒုတိယက ဂျာမနီ၊ တတိယက အမေရိကန်၊ စတုတ္ထက အင်္ဂလန် ဖြစ်ပါတယ်။
၂၀၁၉ နှစ်ဝက်အတွင်းမှာ ဂျာမနီနိုင်ငံကို ခရီးသွား ၃၉ ဒဿမ ၈ သန်း လာရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထက်စာရင်း ခရီးသည် ၁ ဒဿမ ၂ သန်း တိုးလာပါတယ်။
“ဂျာမနီနိုင်ငံဟာ တည်နေရာ အနေအထားအရ အားသားမှု ရှိသလို ခရီးသွားဈေးကွက်ကိုလည်း ကောင်းကောင်း ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံပါ”လို့ ဂျာမန်အမျိုးသား ခရီးသွားလာရေးလုပ်ငန်း အမှုဆောင် အရာချုပ်ဖြစ်တဲ့ Petra Hedorfer က ပြောပါတယ်။
“တကမ္ဘာလုံး အတိုင်းအတာနဲ့စာရင်းလည်း ဂျာမနီနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာ ရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ယှဉ်မယ်ဆိုရင်လည်း ဝင်ငွေ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာပါတယ်။ ဥရောပ ခရီးသွားဈေးကွက်မှာလည်း ဂျာမနီနိုင်ငံက နေရာကောင်းကောင်း ယူထားနိုင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအတွင်း ဂျာမနီ လေကြောင်းလိုင်းတွေမှာ ကြိုတင်လက်မှတ် ဝယ်ယူတာ ပိုများလာခဲ့ပါတယ်။ ၂၀၁၈ တနှစ်လုံးနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ၄ ဒဿမ ၇ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဈေးကွက်သုတေသန ပြုလုပ်နေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရက်ပေါင်း ၁၂၀ အတွင်း ပြည်ပထွက်ခွာသူ အရေအတွက်ကလည်း ၁၁ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
Lufthansa လေကြောင်းလိုင်းမှာ ပြည်တွင်းဈေးကွက်ရှာဖွေရေး အကြီးတန်း ဒါရိုက်တာ တယောက်အဖြစ် တာဝန်ယူနေတဲ့ Gabrieal Ahrens ကလည်း အခုလို ပြောပါတယ်။
“Lufthansa လေကြောင်းလိုင်းကတော့ ပြည်တွင် းခရီးသွားဈေးကွက်ကိုပဲ ပိုပြီး အလေးထား ဆောင်ရွက်လေ့ ရှိပါတယ်။ ခရီးသွားလုပ်ငန်းကနေ ရရှိနေတဲ့ ဝင်ငွေတွေမှာ ပြည်တွင်း ခရီးသွားလုပ်ငန်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ ပါဝင်နေပါတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း Munich လေဆိပ်ကို ခရီးသွားပေါင်း ၂၂ ဒဿမ ၇ ဝင်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီ အရေအတွက်ဟာ မနှစ်က ထက်စာရင် ၁ သန်းကျော် တိုးလာခဲ့တာ ဖြစ်ပါတယ်။
Ref. Travel Pluse
You may also like these stories:
ခရီးသွားလုပ်ငန်းကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လိုတဲ့ ထိုင်းခရီးသွားလာရေး ဝန်ကြီး
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
ဒုတိယကမ္ဘာစစ်ပြီးနောက် ပိုမိုတိုးတက်လာတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း