အရှေ့တောင်အာရှ နိုင်ငံတွေကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပိုမို ဝင်ရောက်လာတာ တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအတွင်း ခရီးသွားဧည့်သည် စုစုပေါင်း ၁၃ ဒဿမ ၃၅ သန်း လာရောက်ခဲ့တယ်လို့ မလေးရှား ခရီးသွားလာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ထားတဲ့ အချက်အလက်အရ မလေးရှားနိုင်ငံဟာ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုကနေ မလေးရှားရင်းဂစ် ၄၁ ဒဿမ ၆၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒဿမ ၉၂ ဘီလီယံ) ဝင်ငွေ ရရှိခဲ့ပါတယ်။
မလေးရှားနိုင်ငံကို အများဆုံးလာရောက် လည်ပတ်ကြတာကတော့ စင်ကာပူနိုင်ငံသားတွေဖြစ်ပြီး အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်း၊ ဘရူနိုင်း၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံသား အများအပြား လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ အခုဖော်ပြခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ မလေးရှားခရီးသွားလုပ်ငန်းအတွက် ဝင်ငွေရရှိရာ အရင်းအမြစ်တွေ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မလေးရှားနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားပေါင်း ၂၅ ဒဿမ ၈ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၂၈ ဒဿမ ၁ သန်းလာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ သန်း ၃၀ လာရောက်ဖို့ မျှော်လင့်ထားပါတယ်။
ခရီးသွားလုပ်ငန်းဟာ နိုင်ငံစီးပွားရေးရဲ့ ဝင်ရိုးပါ။ ဒါကြောင့်လည်း နိုင်ငံတကာမှာ ခရီးသွား ကမ်ပိန်းတွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။ မလေးရှားနိုင်ငံအနေနဲ့လည်း ၂၀၂၀ ခုနှစ်မှာ ခရီးသွားကမ်ပိန်းတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံကလည်း ၂၀၁၉ ခုနှစ်မှာ ခရီးသွားဧည့်သည် ၄၁ သန်းကျော် လာရောက်ဖို့ မျှော်လင့်ထားပေမယ့် မူဝါဒဆိုင်ရာ အခက်အခဲ တချို့ကြောင့် ၃၉ သန်းကျော်သာ လာရောက်ဖို့ မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုနှုန်းက ၂၀၁၈ ခုနှစ်ထက်စာရင် ပိုများလာခဲ့ပါတယ်။ ဗီဇာဖြေလျှော့မှုတွေ လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသား အများအပြား မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဗီဇာဖြေလျှော့မှု ပေးထားတဲ့ နိုင်ငံတွေကိုလည်း နောက်ထပ် ၁ နှစ် သက်တမ်း တိုးပေးထားပါတယ်။
ဥရောပနိုင်ငံအချို့ကိုလည်း ဗီဇာကင်းလွတ်ခွင့်ပြုမယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း သိရပါတယ်။
Ref. traveldailymedia
You may also like these stories:
ခရီးသွားတွေ အလာနည်းနေသေးတဲ့ ဘူတန်နိုင်ငံ
မန္တလေးတိုင်းသို့ ကမ္ဘာလှည့်ခရီးသွား ၅ သိန်း ဝင်ရန် ခန့်မှန်းထား
အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ
ခရီးသွားလုပ်ငန်းကနေ ဝင်ငွေများစွာ ရရှိနေတဲ့ ဂျာမနီနိုင်ငံ