အာရပ်စော်ဘွားများ ပြည်ထောင်စုမှာပါဝင်တဲ့ ဒူဘိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတဲ့ မြို့တမြို့ ဖြစ်ပြီး လက်ရှိမှာလည်း အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။
ဒူဘိုင်းမြို့ကို လူတွေက “Global City” လို့လည်း ခေါ်လေ့ရှိပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွက် စီးပွားရေး အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်သလို ကုန်စည်စီးဆင်းမှုနဲ့ သယ်ယူ ပို့ဆောင်ရေးမှာလည်း အဓိကနေရာမှာ ရှိနေပါတယ်။
ဒူဘိုင်းမြို့ဟာ ရေနံတွင်းတွေက ရတဲ့ ဝင်ငွေကြောင့် မြို့ကိုလည်း ခေတ်မီ မြို့ပြကြီးဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သဘာဝ သယံဇာတာဆိုတာ အမြဲ တည်ရှိနေနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။ အခုဆိုရင် ဒူဘိုင်းမြို့ အပါအဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုဟာ ရေနံကရတဲ့ ဝင်ငွေ ၅ ရာခိုင်နှုန်း လျော့နည်းလာခဲ့ပါတယ်။
ဒူဘိုင်းမြို့ဟာ ရေနံထွက်ရှိမှု ပမာဏ လျော့နည်းလာတဲ့အတွက် အကန့်အသတ်နဲ့သာ ရေနံ ထုတ်နေကြရပါတယ်။ ဒါကြောင့် ရေနံကရတဲ့ ဝင်ငွေမှာပဲ လုံးလုံး မှီခိုမနေဘဲ ကုန်သွယ်ရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဝင်ငွေရအောင် လုပ်ဆောင်လာကြပါတယ်။
၂၀၁၈ ခုနှစ်မှာ ဒူဘိုင်းမြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်တဲ့ မြို့ ၁၀ မြို့ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒီစာရင်းဟာ မြို့ ၆၀၀ ကို စစ်တမ်းကောက်ယူပြီးမှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။ အဲဒီ မြို့ ၆၀၀ ထဲမှာ ဒူဘိုင်းမြို့ကလည်း နယူးယောက်၊ ရောမ၊ အမ်စတာဒမ်၊ ဗီယင်နာ၊ မိုင်ယာမီတို့လို မြို့ကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။
ဒူဘိုင်းမြို့ကို နိုင်ငံတကာ ခရီးသွားပေါင်း သန်းချီ လာရောက်လေ့ ရှိပါတယ်။ ဒါကြောင့်လည်း သယ်ယူ ပို့ဆောင်ရေးကစလို့ တည်းခို၊ နေထိုင်ရေးမှာပါ အဆင်ပြေအောင် ဒူဘိုင်းက ဂရုစိုက်လေ့ ရှိပါတယ်။ ခရီးသွားလုပ်ငန်းတွေကနေ နိုင်ငံခြားဝင်ငွေ ရရှိနေတဲ့အတွက် ဒူဘိုင်းမြို့ဟာ ရေနံကိုပဲ မှီခိုနေစရာ မလိုတော့ပါဘူး။
Euro Monitor က ပြုလုပ်ထားတဲ့ စစ်တမ်းအရ ဒူဘိုင်းမြို့ဟာ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက်တဲ့မြို့ ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် သြဂုတ်လမှာတော့ ဒူဘိုင်းမြို့ရဲ့ ရေအောက် ဟိုတယ်ကို တည်ဆောက်နိုင်ဖို့ အစီအစဉ် စတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဒူဘိုင်းမြို့ဟာ ကြယ် ၅ ပွင့်အဆင့် ရှိတဲ့ ဟိုတယ်ပေါင်း ၉၁ လုံး ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၁၀၃ လုံးအထိ ရှိလာခဲ့ပါတယ်။
အခုဆိုရင်လည်း ဒူဘိုင်းမြို့မှာ Five Jumeirah Village လို့ အမည်ပေးထားတဲ့ ဟိုတယ်ကြီး တလုံးကို လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ ဖွင့်လှစ်ပါတော့မယ်။ ဇိမ်ခံပစ္စည်းအစုံ ပါဝင်တဲ့ အခန်းပေါင်း ၂၄၇ ခန်းပါဝင်ပြီး ၁ ယောက်ခန်း ၊ ၂ ယောက်ခန်း ၊ ၄ ယောက်ခန်း ၂၅၄ခန်း ပါဝင်ပါတယ်။
ဟိုတယ်မှာ ရေကူးကန် ၂၆၉ ကန် ပါဝင်သလို ဒူဘိုင်းမြို့အလှနဲ့ သဲကန္တာရကိုလည်း ကောင်းကောင်း မြင်တွေ့နိုင်ပါတယ်။ အခန်းတိုင်းကိုလည်း ခေတ်ပြိုင်ဗိသုကာ လက်ရာတွေနဲ့ အလှဆင်ထားသလို စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်တခုထဲ ရောက်နေရသလို ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။
လာရောက် တည်းခိုသူတွေအတွက် မနက်စာကစလို့ ညစာတိုင်အောင် အဆင်ပြေပြေ စားသောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အနီးဆုံး လေဆိပ်ကတော့ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပြီး ဟိုတယ်ကနေ ၃၂ ကီလိုမီတာ (၁၉ မိုင်)သာ ဝေးပြီး လေဆိပ်အကြို၊ အပို့ အခမဲ့ ဝန်ဆောင်မှု ပေးပါတယ်။
ဒီအခြေအနေတွေကို ကြည့်ရင် ဒူဘိုင်းမြို့ဟာ ခရီးသွားလုပ်ငန်းကို အာရုံစိုက် လုပ်ကိုင်နေတာ မြင်နိုင်ပါတယ်။ သဘာဝ သယံဇာတဆိုတာ ရေရှည် တည်ရှိနေမယ့်အရာတွေ မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်ကြပုံပါပဲ။ မြန်မာနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်းကို ဒီထက်ပိုပြီး တိုးတက်မြင့်မားအောင် လုပ်ဆောင်နိုင်ရင် နိုင်ငံခြား ဝင်ငွေ အများအပြားဝင်လာပြီး နိုင်ငံရဲ့ ဝင်ငွေလည်း ပိုတိုးလာနိုင်ပါတယ်။
Ref. Breakingtravelnews, Gulfnews
You may also like these stories:
၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦများ
ဒူဘိုင်းမြို့ကို အလည်အပတ်သွားဖို့ အကောင်းဆုံး အချိန်
နိုင်ငံတကာကို ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ
ဒူဘိုင်းမှာသာ ရှိတဲ့ ထူးထူးဆန်းဆန်း အရာများ