ဇီးရိုးဘတ်ဂျက် လုပ်ကိုင်နေကြတဲ့ ခရီးသွားလုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီး Thong Khon က ကတိပြုလိုက်ပါတယ်။ ဝန်ကြီးအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကို အပြစ်တင်လိုက်သလို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။
ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကြောင့် အန်ကော ရှေးဟောင်းသုတေသန နယ်မြေမှာ ဝင်ငွေကျ ဆင်းခဲ့ရပါတယ်။ ၂၀၁၉ ဇန်နဝါရီလကနေ ဇွန်လအတွင်း အန်ကော ရှေးဟောင်းသုတေသန နယ်မြေကို ခရီးသွားပေါင်း ၁ ဒဿမ ၂၄ သန်း လာရောက်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ အစိုးရ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အန်ကော ရှေးဟောင်းသုတေသန နယ်မြေကို ဝင်ရောက် လည်ပတ်ခွင့် လက်မှတ် ရောင်းအားကလည်း မနှစ်ထက်စာရင် ကျဆင်းခဲ့ပါတယ်။ သြဂုတ်လအထိ လက်မှတ်ရောင်းရငွေက ၆၂ ဒဿမ ၃ သန်းသာ ရှိခဲ့ပြီး ၂၀၁၈ နဲ့ယှဉ်ကြည့်မယ်ဆိုရင် ၁၀ ဒဿမ ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒီလို အခြေအနေတွေကို ရင်ဆိုင်နေရတဲ့အတွက် အန်ကော ရှေးဟောင်းသုတေသန နယ်မြေအတွင်းက ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ကမ္ဘောဒီးယားခရီသွားလာရေးဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
အန်ကော ရှေးဟောင်းသုတေသန နယ်မြေကို အများဆုံး လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေကတော့ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံသားတွေပါ။ ဒီနှစ်မှာတော့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသား ဝင်ရောက် လည်ပတ်မှု ကျဆင်းခဲ့ပြီး အမေရိကန်နိုင်ငံသားတွေ ဝင်ရောက်မှုက များလာခဲ့ပါတယ်။
ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးက ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းတွေဟာ ခရီးသွားနယ်မြေဖြစ်တဲ့ Siem Reap ဒေသပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ဒီ ၆ လအတွင်း Siem Reap ဒေသပတ်ဝန်းကျင်မှာ ခရီးသွားဧည့်သည်တွေ ကျဆင်းခဲ့ရတာ အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။ အဲဒီ အကြောင်းတွေထဲမှာ ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းလည်း ပါဝင်ပါတယ်။ ဇီးရိုးဘတ်ဂျက်လုပ်ကိုင်သူတွေက ခရီးသွားတွေဆီကနေ အစားအစာနဲ့ နေရာ ထိုင်ခင်းအတွက် ကော်မရှင် ယူကြသလို အမှတ်တရ ပစ္စည်းတွေကို မတန်တဆ ဈေးနှုန်းတွေနဲ့ ရောင်းချလေ့ ရှိတယ်”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
“ဒီခရီးသွားလုပ်ငန်းကြောင့် အခြား ခရီးသွား ဧည့်သည်တွေလည်း စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ တချို့ဆိုရင် ကမ္ဘောဒီးယားကို နောက်တခါတောင် ပြန်လာလည်ချင်စိတ် မရှိကြတော့ဘူး။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကလည်း တရုတ်ခရီးသွားတွေကို ပစ်မှတ်ထားပြီး ဇီးရိုးဘတ်ဂျက် လုပ်ငန်းကို မလုပ်ဆောင်သင့်တော့ဘဲ ဝန်ဆောင်မှု ကောင်းကောင်းကိုသာ ပေးသင့်ပါတယ်”လို့ ဝန်ကြီးက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချနေတဲ့ ဆိုင်ရှင်အားလုံးကို ဝန်ကြီးက ခေါ်တွေ့ခဲ့ပြီး အတုအယောင်နဲ့ အရည်အသွေးညံ့တဲ့ လက်ဆောင် ပစ္စည်းတွေ မရောင်းချဖို့လည်း ခေါ်ယူ သတိပေးခဲ့ပါတယ်။
“ဂုဏ်သိက္ခာ မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေက တိုင်းပြည်ဝင်ငွေကို လျော့ကျစေနိုင်သလို နိုင်ငံ ပုံရိပ်ကိုလည်း များစွာ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်းကိုသာ ပေးသင့်ပါတယ်”လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
Ref. Xinhunet, South East Asian Archaeology, Phnompenhpost
You may also like these stories:
လူငယ်အများစု သွားကြတဲ့ အင်ဒိုနီးရှားနိုင်ငံက Borobudur နဲ့ Prambanan ဟိန္ဒူဘုရားကျောင်း
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
မ္ဘောဒီးယားကို ပထမဆုံးအကြိမ် ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ