တရုတ်နိုင်ငံမှာ လက်မထပ်ရသေးတဲ့ လူပေါင်း သန်း ၂၀၀ နီးပါး ရှိပြီး အများစုက တကိုယ်တည်း နေထိုင်ရတဲ့ ဘဝမှာ မပျော်ရွှင်ကြပါဘူး။ အခုလို တကိုယ်တည်းသမားတွေ များလာရတဲ့ အကြောင်းကတော့ အလုပ်အကိုင် အခွင့်အလမ်းကြောင့်ပါ။ တရုတ်နိုင်ငံမှာ အလုပ်တခုရဖို့ မလွယ်ကူပါဘူး။
တရုတ်နိုင်ငံတင်သာမက ကမ္ဘာပေါ်မှာ အိမ်ထောင် မပြုဘဲ တကိုယ်တည်း နေထိုင်ကြတဲ့ လူဦးရေ များလာပါတယ်။ လူငယ်တွေဟာ အိမ်ထောင်သည် ဘဝကြီးမှာ နေချင်စိတ် မရှိကြတော့တာကို တွေ့နေရပါတယ်။ ဒါကြောင့်လည်း လက်ရှိ တရုတ်အစိုးရ “Love-Pursuit Train” လို့ အမည်ရတဲ့ မီးရထားခရီးစဉ်ကို စီစဉ်ပေးခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံတွင်းက လက်မထပ်ရသေးတဲ့ လူငယ် ၁၀၀၀ ကျော်ကို တင်ဆောင်ပြီး မီးရထားနဲ့ တညအိပ်၊ ၂ ရက်ခရီး ထွက်ပေးပါတယ်။ မီးရထားခရီးစဉ်ရဲ့ ရည်ရွယ်ကတော့ လူငယ်တွေအနေနဲ့ ခရီးသွားရင်း အချစ်ကို ရှာဖွေ တွေ့ရှိနိုင်ဖို့ပါ။ ဒီခရီးစဉ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းကနေ စတင်ခဲ့ပြီး Qianjiang မှာ အဆုံးသတ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ လူငယ်တွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ဒီလိုခရီးစဉ်မျိုးကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ကို စီစဉ်သူတွေက လူငယ်တွေအတွက် ဂိမ်းပေါင်းများစွာကိုလည်း စီစဉ်ပေးထားပါသေးတယ်။
“ဒီရထားကြီးက တံတားကြီး တခုလိုပါပဲ။ ဒီရထားကြီးပေါ်မှာ တရုတ်နိုင်ငံ ဒေသအသီးသီးက လူငယ်တွေ ဆုံကြတယ်။ တယောက်နဲ့တယောက် စကားပြောခွင့် ရကြတယ်။ ချစ်သူတွေ ဖြစ်သွားကြတယ်။ တချို့တော့လည်း လက်ထပ်သွားကြတယ်။ ချစ်သူ ရှာမတွေ့ခဲ့ဘူး ဆိုရင်တောင် ရွယ်တူ သူငယ်ချင်း အများကြီး ရသွားကြပါတယ်”လို့ ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ လူငယ်တဦးဖြစ်သူ Huang Song က ပြောပါတယ်။
ဒီရထားကြီးဟာ ၃ နှစ်တာကာလအတွင်း လူငယ်ပေါင်း ၃၀၀၀ ကျော်ကို တင်ဆောင်ပြီး ခရီးထွက်ခဲ့ပြီးပါပြီ။ အခု ခရီးစဉ် ပြီးဆုံးသွားတဲ့နောက်မှာတော့ လူငယ်စုံတွဲပေါင်း ၁၀ တွဲ လက်ထပ်ခဲ့ပါတယ်။
Ref. News18
You may also like these stories:
မြင်တွေ့နေကျ ပုံစံမျိုး မဟုတ်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များ
မစ်ကီ နှစ် ၉၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြေးဆွဲမယ့် ဂျပန်ကျည်ဆံရထား ခရီးစဉ်