တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး “ဇီးရိုးဘတ်ဂျက်” ဆိုတဲ့အသံကို စာရေးသူတို့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ တရုတ် ခရီးသွားတွေကလည်း အမှန်တကယ်ကို ဇီးရိုးဘတ်ဂျက် အသုံးပြုပြီး မြန်မာနိုင်ငံတလွှား သွားလာ နေကြပါတယ်။
မြန်မာနိုင်ငံကို ဇီးရိုးဘတ်ဂျက်နဲ့ လာရောက်ကြတဲ့ တရုတ်နိုင်ငံသား အများစုက ပြည်မကြီးက လာရောက်ကြတဲ့ တရုတ် ခရီးသွားတွေ မဟုတ်ဘဲ နယ်စပ်ဒေသနဲ့ ပြည်နယ်အချို့က တရုတ် ခရီးသွားတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အများစုက နိုင်ငံကြီးသား မပီသတဲ့ လုပ်ရပ်တချို့ကို ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
အထင်ရှားဆုံး ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မန္တလေးမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မဟာဂန္ဓာရုံကျောင်းတိုက်ကို လာရောက် လည်ပတ်ကြတဲ့ တရုတ်အမျိုးသား နှစ်ဦးဟာ ကျောင်းတိုက်ကို အုပ်ချုပ်နေကြတဲ့ ဆရာတော်ကြီးများကို ဓာတ်ပုံရိုက်ရန် နေရာ လုကြရာမှ ရန်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ တရုတ်အမျိုးသား နှစ်ဦး ရန်ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းတိုက်ကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်များ ကိစ္စ တာဝန်ယူထားတဲ့ ဆရာတော်က ခရီးသွားတွေ လာရောက် လည်ပတ်ခွင့်ကို ပိတ်သင့်ပြီဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
“တိုးရစ်များဟာ ဂါရဝတရား ကင်းမဲ့သူများ”လို့ ဆရာတော်က မိန့်ဆိုခဲ့ပြီး ခရီးသွားဧည့်သည်များ ဂါရဝတရားနဲ့အညီ ပြုမူ နေထိုင်ကြဖို့ စည်းကမ်းချက်များကိုလည်း အသစ်ထပ်မံ သတ်မှတ်ခဲ့ပါတယ်။ အဲဒီ စည်းကမ်းချက်များကိုလည်း ကျောင်းတိုက် ဧရိယာအတွင်း အင်္ဂလိပ် ၊ တရုတ် ၂ ဘာသာနဲ့ ဖော်ပြထားမယ်လို့ သိရပါတယ်။
မြန်မာအစိုးရအနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုမှ ခရီးသွားတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက် မှ ၂၀၁၉ ခုနှစ် စက်တင် ဘာ ၃၀ ရက်အထိ ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဗီဇာကင်းလွတ်ခွင့်ကို နောက်ထပ် တနှစ် သက်တမ်း ထပ်မံ တိုးကြောင်း သြဂုတ်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဗီဇာကင်းလွတ်ခွင့်ပြုပြီးနောက်မှာတော့ တရုတ်ခရီးသွားတွေကို အကြောင်းပြုပြီး ဇီးရိုးဘတ်ဂျက် အကြောင်းကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တွေက ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။
ဇီးရိုးဘတ်ဂျက် ဆိုကတော့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ် ခရီးသွားတွေကို တရုတ် ခရီးသွားအေဂျင်စီတွေက တရုတ် နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကိုပဲ အသုံးပြုရသလို သတ်မှတ်ထားတဲ့ အရောင်းဆိုင်တွေမှာပဲ ဝယ်ယူကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်စိမ်းများကိုလည်း မြန်မာနိုင်ငံသားပိုင် ကျောက်စိမ်း အရောင်းဆိုင်တွေမှာ ဝယ်ယူခွင့် မပြုဘဲ သူတို့ သတ်မှတ်ပေးထားတဲ့ တရုတ်နိုင်ငံသားပိုင် ကျောက်စိမ်း အရောင်းဆိုင်တွေမှာသာ ဝယ်ယူခွင့် ပြုထားတာ ဖြစ်ပါတယ်။
ဇီးရိုးဘတ်ဂျက်အရ အရောင်းအဝယ် ကိစ္စရပ်တွေမှာ ငွေပေးချေမှုစနစ်မှာလည်း တရုတ်နိုင်ငံရဲ့ အွန်လိုင်း ငွေပေးချေမှုစနစ်များဖြစ်တဲ့ We Chat Pay/ Alipay ဝန်ဆောင်များကို အသုံးပြုထားတာကြောင့် အိမ်ရှင်နိုင်ငံက ရသင့်ရထိုက်တဲ့ အခွန်များ မရရှိသလို ဒေသခံတွေရဲ့ အကျိုးစီးပွားကိုလည်း များစွာ ထိခိုက်ပါတယ်။
အခုလို ဇီးရိုးဘတ်ဂျက် ခရီးသွားတွေရဲ့ “သတ်မှတ်ထားသော နေရာများတွင်သာ ဈေးဝယ်ခြင်း”၊ “တရုတ်နိုင်ငံ၏ အကြွေးဝယ်စနစ်ဖြင့် ဝယ်ယူသွားခြင်း”၊ “တရုတ်နိုင်ငံ ခရီးသွားအေဂျင်စီများထံတွင် ကြိုတင်ငွေချေလာခဲ့ခြင်း” စသော ကိစ္စများကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဝင်ငွေ ဆုံးရှုံးသလို အခွန်လည်း နစ်နာပါတယ်။ ဒေသခံတွေအနေနဲ့လည်း ဇီးရိုးဘတ်ဂျက် တရုတ် ခရီးသွားတွေရဲ့ ဒဏ်ကို ခံစားနေရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်အသင်း စတဲ့ အဖွဲ့အစည်းများကလည်း အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ တရုတ် ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ကိုင်တွယ် ဖြေရှင်းဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြလျက်ရှိတယ်လို့ သိရပါတယ်။
ဇီးရိုးဘတ်ဂျက်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများနဲ့ ဧည့်လမ်းညွှန်တွေမှာ ဝင်ငွေများစွာ ထိခိုက်နေတာကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တရုတ်ခရီးသွား ဧည့်သည်တွေကို စောင့်ကြည့် လေ့လာမယ့် အဖွဲ့တွေ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံမြို့တို့မှာ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်းကြီးဌာန၊ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလှမြင့်က ဇီးရိုးဘတ်ဂျက်ဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်ပြီး တိုင်းပြည်ဝင်ငွေကိုလည်း များစွာ နစ်နာစေတဲ့အတွက် တရုတ်ခရီးသွား ကုမ္ပဏီများနဲ့ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ်များကို ခေါ်ယူရှင်းပြခဲ့တယ်လို့ သိရပါတယ်။
အမှတ်တရပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းကလည်း အခုလို Zero Tour ဖြစ်သွားရခြင်းဟာ နိုင်ငံရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက်ဖြစ်ကြောင်း၊ တခါမှ မမြင်ခဲ့ဖူးတဲ့ တရုတ်လူမျိုးတွေက တနေ့ကို လေယာဉ် ၃ စီးလောက်နဲ့ နေ့စဉ် လာရောက်နေလေ့ ရှိကြောင်း ပြောခဲ့ပါတယ်။
တကယ်တော့ ခရီးသွားလုပ်ငန်းဆိုတာဟာ ကမ္ဘာ့စီးပွားရေးရဲ့ ဝင်ရိုးဖြစ်ပါတယ်။ ကမ္ဘာ့ဝင်ငွေ အတိုင်းအတာအရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေဒေါ်လာ ၁ ဒဿမ ၇ ထလီလီယံ အထိရှိခဲ့ကြောင်း ကုလသမဂ္ဂလက်အောက်ရှိ ကမ္ဘာ့ခရီးသွားလာရေးလုပ်ငန်းအဖွဲ့ကြီးက စာရင်း ထုတ်ပြန်ထားပါတယ်။၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သူ စုစုပေါင်း ၁ ဒဿမ ၄ သန်း ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ကမ္ဘာပတ်နေကြတဲ့ တရုတ်ခရီးသွားပေါင်းက ၁၄၃ သန်းကျော် ရှိခဲ့ပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း တရုတ်နိုင်ငံသားတွေက ခရီးအထွက်ဆုံး လူတွေဖြစ်ကြပြီး ကမ္ဘာပေါ်မှာ ခရီးအသွားနိုင်ဆုံး လူမျိုးအဖြစ် ပထမနေရာကို ရယူထားပါတယ်။ ဒီအချက်ကိုကြည့်ရင် တရုတ်နိုင်ငံသားတွေဟာ နိုင်ငံတကာကို ဇီးရိုးဘတ်ဂျက် တမျိုးတည်းနဲ့ အခြေခံပြီး သွားနေကြတာ မဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
ကမ္ဘာကြီးမှာ ဇီးရိုးဘတ်ဂျက်ကို လက်မခံတဲ့ နိုင်ငံပေါင်း မြောက်မြားစွာ ရှိပါတယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး ဇီးရိုးဘတ်ဂျက်နဲ့ ဝင်ရောက်လာတဲ့ တရုတ်ခရီးသွားတွေကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်းကို ထိရောက်စွာ နှိမ်နင်းသင့်တယ်လို့ အကြုံပြု ရေးသားလိုက်ပါတယ်။
Ref. The Guardian
You May Also Like These Stories:
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
ဇီးရိုးဘတ်ဂျက်ကို နှိမ်နင်းမယ်လို့ ကမ္ဘောဒီးယား ခရီးသွားဝန်ကြီး ကတိပြု