တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဥရောပနိုင်ငံတွေထက် အရှေ့တောင်အာရှနိုင်ငံတွေဆီကို ပိုပြီး ခရီးထွက်လေ့ ရှိကြပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေ အများဆုံး သွားရောက် လည်ပတ်ကြတာကတော့ ဂျပန်နိုင်ငံပါ။ လက်ရှိမှာတော့ ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးအငြင်းပွားမှုတွေကြောင့် ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ တောင်ကိုရီးယားနိုင်ငံသား အရေအတွက် ကျဆင်းနေပါတယ်။
မကြာခင် ကျရောက်မယ့် တောင်ကိုရီးယားနိုင်ငံရဲ့ Chuseok အားလပ်ရက် (စက်တင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၅ ရက်နေ့အတွင်း)မှာ တောင်ကိုရီးယားနိုင်ငံသားတွေ အများဆုံး လည်ပတ်ကြမယ့် နေရာတွေက ဗီယက်နမ်နိုင်ငံ Da Nang မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တောင်ကိုရီးယားနိုင်ငံတွင်းက Jeju ကျွန်းတို့ပဲ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေတဲ့ မြို့တော်ဖြစ်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံသားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Da Nang မြို့ဟာ ဗီယက်နမ်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မြို့တော်ဖြစ်သလို တောင်ကိုရီးယားနိုင်ငံသားတွေ ပိုက်ဆံ အများဆုံးသုံးပြီး လည်ပတ်ကြတဲ့ နေရာ တနေရာလည်း ဖြစ်ပါတယ်။
Da Nang မြို့ရဲ့ My Khe ကမ်းခြေဟာ ကမ္ဘာ့အလှဆုံး ကမ်းခြေစာရင်းမှာ နံပါတ် ၆ နေရာက ပါဝင်ပြီး ဟိုချီမင်းမြို့တော်နဲ့အပြိုင် ခရီးသွား အများအပြား လာရောက်တဲ့နေရာ ဖြစ်ပါတယ်။ နောက်ထပ် ဗီယက်နမ်နိုင်ငံမှာ ခရီးသွားတွေ လည်ပတ်လေ့ ရှိတဲ့နေရာတွေကတော့ Ba Na Hills နဲ့ Marble Moutains တို့ပါပဲ။
Chuseok အားလပ်ရက်မှာ တကိုယ်တည်း လည်ပတ်ကြမယ့် တောင်ကိုရီးယားသားတွေကတော့ ကိုယ့်နိုင်ငံအတွင်းမှာရှိနေတဲ့ Jeju ကျွန်းကို အဓိက လည်ပတ်ကြမှာဖြစ်ပါတယ်။ Jeju ကျွန်းကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထင်ရှားတဲ့ ကျွန်းတကျွန်းဖြစ်ပြီး နိုင်ငံတွင်း အားလပ်ရက်လို အချိန်မျိုးတွေမှာ ခရီးသွားအများအပြား လာရောက်လေ့ ရှိတဲ့ နေရာပါ။
Jeju ကျွန်းမှာဆိုရင် နာမည်ကြီးစားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေ အများအပြား ရှိတဲ့အပြင် တောင်ကိုရီးယားရိုးရာဈေးတွေလည်း ရှိပါတယ်။ အကောင်းဆုံး အချက်ကတော့ သယ်ယူပို့ဆောင်ရေးစနစ်က အဆင်ပြေကောင်းမွန်နေခြင်းပါပဲ။
Ref. Bangkokpost, Vietnamplus