ခရီးသွားလုပ်ငန်းမှာ “Dark Tourism” ၊ “Sex Tourism” ၊ “Wildlife Tourism” စတဲ့ အမျိုးအစားများစွာ ရှိပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ကိုယ်ကျွမ်းကျင်ရာ ခရီးသွားလုပ်ငန်း အမျိုးအစားကို ရွေးချယ်လုပ်ကိုင်လေ့ ရှိကြပါတယ်။
ယေဘုယျအားဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ကြသူတွေဟာ ခရီးသွား ဧည့်သည်တွေကို နိုင်ငံအတွင်းက ထင်ရှားတဲ့ နေရာဒေသတွေကိုသာ ပို့ဆောင်ပေးလေ့ ရှိတတ်ကြပါတယ်။
Dark Tourism ခရီးသွားအမျိုးအစားက သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဒေသတွေကို လေ့လာတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားဖြစ်ပြီး Sex Tourism အမျိုးအစားကတော့ လိင်ကိစ္စ ပျော်ပါးလိုတဲ့ ဧည့်သည်တွေရဲ့ဆန္ဒ ပြည့်ဝအောင် လုပ်ဆောင်ပေးတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစား ဖြစ်ပါတယ်။
Wildlife Tourism ကတော့ ဒေသတခု၊ နိုင်ငံတနိုင်ငံမှာတဲ့ တောရိုင်း တိရစ္ဆာန်တွေနဲ့ မျိုးကွဲ အပင်တွေကို လေ့လာတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားပါ။ တောရိုင်းတိရစ္ဆာန်တွေကို လေ့လာတဲ့ ခရီးသွားလုပ်ငန်းမှာတော့ ဖင်လန်နိုင်ငံ (Finland) က အကောင်းဆုံပဲလို့ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် လေ့လာရေး ခရီးသွားအညွှန်းကိန်းတွေက ဖော်ပြနေပါတယ်။
ဖင်လန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်တဲ့အပြင် ထူးခြားတဲ့ ဇီဝမျိုးစိတ်ကွဲပေါင်းများစွာကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်။ ဖင်လန်နိုင်ငံဟာ ပင်ကိုယ်အားဖြင့်လည်း လှပတဲ့သဘာဝရှုခင်းတွေကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွက် Wildlife Tourism မှာ ဖင်လန်နိုင်ငံက အကောင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဖင်လန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ အရင်နှစ်တွေကထက် ပိုပြီးကောင်းမွန်လာသလို နိုင်ငံဧရိယာရဲ့ ၇၃ ရာခိုင်နှုန်းကို တောအုပ်တွေက လွှမ်းခြုံထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Wildlife Tourism မှာ ဒုတိယနေရာက ပူးတွဲရပ်တည်နေတာကတော့ ဖင်လန်နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံနဲ့ လက်တင်အမေရိက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံတို့ပါပဲ။ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုကလည်း ထိပ်ဆုံး ၅ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်။
၂၁ ရာစုမှာ Wildlife Tourism က ခရီးသွားတွေအတွက် ပိုမိုအရေးပါလာသလို တောရိုင်း တိရစ္ဆာန်တွေလည်း မျိုးတုန်း ပျောက်ကွယ်တော့မယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ World Wildlife က ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် တကမ္ဘာလုံးမှာ ကျားကောင်ရေ ၃၉၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်လည်း မျိုးတုန်းပျောက်ကွယ်တော့မယ့် သဘာဝတောရိုင်း တိရစ္ဆာန်တွေကို ပိုမို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ တချို့မျိုးစိတ်တွေဟာ ဒေသ တခုတည်းမှာသာ ရှိတဲ့ မျိုးစိတ်တွေ ဖြစ်ကြပါတယ်။
ဒါကြောင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအနေနဲ့ ကိုယ့်ဒေသမှာ မရှိတဲ့ တိရစ္ဆာန် မျိုးစိတ်တွေရဲ့ သဘာဝကို လေ့လာနိုင်ဖို့ တခြား အရပ်ဒေသတွေကို ခရီးထွက်လေ့ ရှိကြပြီး Wildlife Tourism ဟာ ခရီးသွားလုပ်ငန်းမှာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတခုအသွင် ဆောင်လာပါတယ်။
Ref. yle.fi, Timesofindia, Worldwidelife
You may also like these stories:
တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ကာကွယ်တားဆီးရေး လှုပ်ရှားမှု ပြုလုပ်မည်
တခြား ခရီးသွားလုပ်ငန်းတွေထက် ဝင်ငွေ ၅ ဆ ရရှိတဲ့ သဘာဝ တောရိုင်းတိရစ္ဆာန် ခရီးသွားလုပ်ငန်း