အိန္ဒိယနိုင်ငံမှ အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့ Advait Bhartiya ဆိုတဲ့ ကောင်လေးဟာ အာဖရိကမှာရှိတဲ့ အမြင့်ဆုံးတောင်ကို ၇ ရက်တည်းနဲ့ တက်နိုင်ခဲ့ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်၊ Pune မြို့သား တယောက်ပါ။
အမြင့်ပေ ၁၆,၁၀၀ ရှိတဲ့ Kilimanjaro တောင်ဟာ တန်ဇန်းနီးယားနိုင်ငံမှာရှိပြီး အာဖရိကရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။ အခုတော့ အသက် ၉ နှစ်အရွယ် Advait ဟာ အာဖရိကရဲ့ အမြင့်ဆုံးတောင်ကို သူ့ခြေဖဝါးအောက် ရောက်နိုင်ခဲ့ပါပြီ။
Advait ဟာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ခေါင်းဆောင်ဖြစ်သူ Samir Patham ရဲ့ ကြီးကြပ်မှုနဲ့ အတူ အာဖရိကရဲ့ အမြင့်ဆုံးတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံရဲ့ အသက်အငယ်ဆုံး တောင်တက်သမားတဦးလည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းကလည်း Advait တယောက် ဧဝရက်တောင်ကို တက်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက သူဟာ မူလတန်းအရွယ် ကလေးတယောက်ဖြစ်ပြီး ပထမတန်းမှာ ပညာသင်ယူနေခဲ့ပါတယ်။ အဲဒီခရီးစဉ်ကိုတော့ သူ့မိခင်နဲ့အတူ လိုက်ပါသွားခဲ့တာဖြစ်ပြီး နီပေါနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းက ဧဝရက်တောင်ကို နိုဝင်ဘာ ၃ ရက်မှာ စတင်တက်ခဲ့ပါတယ်။ ၁၃ ရက် အချိန်ကြာမြင့်ပြီးနောက်မှာတော့ သူတို့အဖွဲ့ဟာ အမြင့်ပေ ၁၇,၅၉၃ ပေအထိ တက်နိုင်ခဲ့ကြပါတယ်။
အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အမေက အခုလို ပြောပါတယ်။ “ပထမတုန်းကတော့ ကျမ တယောက်တည်း တောင်တက်မလို့ပါ။ ဒါပေမဲ့ Advait က သူလည်း တောင်တက်ချင်တယ်လို့ ကျမကို ပြောလာတာနဲ့ သူ့ကို လေ့ကျင့်ခန်းတွေ သေသေချာချာ လုပ်စေခဲ့ပါတယ်။ Advait လုပ်ရတဲ့ လေ့ကျင့်ခန်းကတော့ လှေကားထစ် ၁၀၀ ကို နေ့စဉ်တက်ရတာ အပါအဝင် တောင်တက်သမားတွေ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေပါ” လို့ Advait ရဲ့ အမေက ပြောပါတယ်။
အာဖရိကရဲ့ အမြင့်ဆုံးဖြစ်တဲ့ Kilimanjaro တောင်ကိုတက်ခဲ့ပြီးနောက်မှာတော့ တောင်တက်သမားလေး Advait က အခုလိုပဲ ပြောပါတယ်။
“ဒီခရီးက ခက်ခဲတဲ့ ခရီးတခုဖြစ်သလို ပျော်ဖို့လည်းကောင်းတဲ့ ခရီးတခုပါ။ ပထမအကြိမ် ဧဝရက်တောင်ကိုတက်ခဲ့တုန်းကတော့ ကျနော်တို့တွေ သစ်သား အိမ်ငယ်လေးတွေမှာ နေထိုင်ခဲ့ရပါသေးတယ်။ ဒီတခေါက် တောင်တက်ခရီးမှာတော့ ကျနော်တို့ဟာ ရွက်ဖျင်တဲလေးတွေကိုသာ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပတ်ဝန်းကျင်ကို ဆီးနှင်းတွေ အမြဲလွှမ်းခြုံနေတာ တွေ့ခဲ့ရတယ်”လို့ ပြောပါတယ်။
နောက်နှစ်မှာတော့ Avdait တယောက် ဥရောပရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Elbrus တောင်ကို တက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Ref. Timesofindia, Thebetterindia, Indiatoday