အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီကျွန်းနာမည်ကြီးသလိုပဲ ကိုမိုဒိုကျွန်းကလည်း နာမည်ကြီးပါတယ်။ ဒါကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အလာများကြပါတယ်။ အခုတော့ အင်ဒိုနီးရှားအစိုးရက ၂၀၂၀ ပြည့်နှစ်မှာ ကိုမိုဒိုကျွန်းကို ပိတ်ပစ်ဖို့ စီစဉ်နေပါပြီ။
ကိုမိုဒိုကျွန်းဟာ ကိုမိုဒိုနဂါး အပါအဝင် အခြားမျိုးစိတ်တွေလည်း နေထိုင်တဲ့ ကျွန်းတကျွန်း ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေ အဆမတန် လာရောက် လည်ပတ်မှုကြောင့် ကိုမိုဒို နဂါးမျိုးစိတ်တွေ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ပြည့်နှစ် မှာ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ခွင့် ပိတ်ပစ်တော့မယ်လို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။
နောက်ထပ် အကြောင်းတချက်ကတော့ ပြီးခဲ့တဲ့မတ်လကပဲ ကိုမိုဒိုနဂါး ၄၁ ကောင်ကို အရှေ့တောင် အာရှနိုင်ငံတွေဆီ မှောင်ခိုရောင်းဝယ်မှု ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် နောက်နှစ်ကစလို့ ကိုမိုဒိုကျွန်းကို လာရောက် လည်ပတ်ခွင့် ပြုတော့မှာမဟုတ်ဘူးလို့ East Nusa Tenggara ခရီးသွားလုပ်ငန်းက ပြောပါတယ်။
နောက်နှစ်မှာ ပိတ်ပစ်ဖို့စီစဉ်နေတဲ့ အတောအတွင်းမှာတောင် ခရီးသွားဧည့်သည်တွေက Rinca ကျွန်းကိုလာရောက် လည်ပတ်ပြီး ကိုမိုဒိုနဂါးတွေကို ဖမ်းနေကြပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ကိုမိုဒိုအမျိုးသားဥယျာဉ်ကို ခရီးသွားပေါင်း ၁၇၆,၈၃၀ ယောက် လာရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂ ဒဿမ ၃သန်း ရခဲ့ပါသေးတယ်။
ဝင်ငွေများစွာ ရရှိနေပေမယ့် လူတွေရဲ့ မဆင်မခြင် ပြုမူမှုတွေကြောင့် ကိုမိုဒိုနဂါးတွေဟာ မျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ ကိုမိုဒို အမျိုးသားဥယျာဉ်ကြီးကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) က ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့ပါတယ်။ UNESCO ရဲ့ အဆိုအရ ကိုမိုဒိုကျွန်းမှာ နဂါး ၅,၀၀၀ ကျော်လောက်က အမျိုးသားဥယျာဉ်ကြီးအတွင်းမှာ ပြန့်ကျဲနေထိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားဥယျာဉ်တခုအသွင် ပုံဖော်ထားရခြင်းအကြောင်းက ကိုမိုဒို နဂါးတွေကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်ပါပဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ Viktor B. Laiskodat ကလည်း ကိုမိုဒိုကျွန်းဟာ ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေသလို ကိုမိုဒိုနဂါးတွေရဲ့ အစာဖြစ်တဲ့ ဆိတ်၊ သမင်နဲ့ အခြားသတ္တဝါတွေကိုလည်း ကာကွယ်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။
ကိုမိုဒိုကျွန်းကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ကတော့ နှစ်စဉ်လိုလို တိုးလာ နေပါတယ်။
Ref. Channelnewsasia, Xinhuanet