Travel

ခရီးသွားတွေကို တိရစ္ဆာန်တွေနဲ့ ဆွဲဆောင်ထားတဲ့ ဘန်ကောက်မြို့က "Little Zoo Café"

ထိုင်းနိုင်ငံသားအများစုဟာ ဝင်ငွေ ဘယ်လိုရအောင် ရှာရမလဲဆိုတဲ့ အကြံဉာဏ် အမြဲရှိကြပါတယ်။ ထိုင်းနိုင်ငံကိုလည်း နိုင်ငံခြားသားခရီးသည်တွေ အမြဲလိုလို ဝင်ထွက် သွားလာနေတဲ့အတွက် ခရီးသွားတွေအတွက် အမြဲဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်။

ထိုင်းနိုင်ငံက ရတဲ့ နိုင်ငံခြားဝင်ငွေဟာ ခရီးသွားလုပ်ငန်း တခုတည်းက မဟုတ်ပါဘူး။ တခြားနေရာတွေကလည်း နိုင်ငံခြားဝင်ငွေ ရနေပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ ချစ်စရာကောင်းတဲ့ အိမ်မွေး တိရစ္ဆာန်တွေနဲ့အတူ ယှဉ်တွဲ ရောင်းချတဲ့ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ဘန်ကောက်မြို့ တမြို့တည်းမှာတင် အဲဒီလိုဆိုင်မျိုး ၁၀ ဆိုင်ကျော် ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကစပြီး အိမ်မွေး တိရစ္ဆာန်တွေနဲ့ ယှဉ်တွဲ ရောင်းချတဲ့ ကော်ဖီဆိုင် ယဉ်ကျေးမှုဟာ အာရှဒေသမှာ ရေပန်းစားလာခဲ့ပါတယ်။ တချို့ Cafe ဆိုင်တွေက အိမ်မွေးတိရစ္ဆာန် တမျိုးတည်းကိုသာ စုစည်းထားတတ်ကြသလို တချို့ဆိုင်တွေကတော့ တိရစ္ဆာန်ရုံ အငယ်စားလို့ ဆိုရလောက်အထိ အကောင်မျိုးစုံ စုဆောင်းထားလေ့ ရှိပါတယ်။

အာရှဒေသမှာဆိုရင်လည်း ကြောင်ကဖီး၊ ယုန်ကဖီး၊ ဇီးကွက်ကဖီး စသဖြင့် အမျိုးစုံအောင် ရှိနေတတ်ပါတယ်။ အထူးသဖြင့် ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာ အဲဒီလိုဆိုင်တွေ ပိုတွေ့ရတတ်ပါတယ်။

ဘန်ကောက်မြို့မှာဆိုရင် “Little Zoo Café” ဆိုင်ခွဲ ၂ ဆိုင်ရှိပြီး နာမည်ကြီးတဲ့ဆိုင်ကတော့ Siam ဘတ်စ်ကားမှတ်တိုင်အနီးမှာ ရှိပါတယ်။ Siam ဘတ်စ်ကားမှတ်တိုင် ရောက်ပြီဆိုရင် ၅ မိနစ်လောက် လမ်းလျှောက်သွားရုံနဲ့ Little Zoo Café ဆိုင်ကို ရောက်ပါပြီ။

ဆိုင်လေးထဲမှာ အိမ်မွေးတိရစ္ဆာန် အများအပြားကို မြင်တွေ့ရနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကြောင်၊ ခွေး စတဲ့ အိမ်မွေး တိရစ္ဆာန်တွေအပြင် တောင်အာဖရိက မြွေပါနဲ့ မြောက်အမေရိက မြေခွေးစတဲ့ ထူးထူးဆန်းဆန်း အကောင်တွေပါ တွေ့နိုင်ပါတယ်။ ဒီတိရစ္ဆာန်တွေဟာ လူကို အန္တရာယ် မပြုတတ်တဲ့အပြင် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ကြပါတယ်။

Little Zoo Café ဆိုင်မှာရှိတဲ့ တိရစ္ဆာန်တွေအားလုံးဟာ တန်ဖိုး တစုံတရာပေးပြီး ဝယ်ယူထားတာမျိုး မဟုတ်ဘဲ ပြန်လည် ကယ်ဆယ်ထားရတဲ့ တိရစ္ဆာန်တွေ များပါတယ်။ တချို့ကလည်း မူလပိုင်ရှင်က မစောင့်ရှောက်နိုင်တော့လို့ ဒီဆိုင်လေးကို ရောက်လာကြတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။

Little Zoo Café ထဲ ဝင်သွားရင်တော့ ချစ်စရာကောင်းတဲ့ တိရစ္ဆာန် အများအပြားကို မြင်တွေ့ရနိုင်ပါတယ်။ Little Zoo ဆိုတဲ့အတွက် ကျား၊ ခြင်္သေ့နဲ့ ဆင်လို သတ္တဝါမျိုးတွေကိုတော့ တွေ့နိုင်မှာ မဟုတ်ပါဘူး။

စာရေးသူတို့ မြန်မာနိုင်ငံမှာတော့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုက တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုအစား ဘီယာဆိုင် ယဉ်ကျေးမှုသာ ပိုပြီး ရှိလာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ဘယ်နေရာကိုပဲကြည့်ကြည့် ဘီယာဆိုင်တွေ ပိုများပါတယ်။

ဘန်ကောက်မြို့က Little Zoo Café လို ဆိုင်တွေသာ ဖွင့်နိုင်ရင် လူစိတ်ဝင်စားမှု ရှိလာမယ့်အပြင် နိုင်ငံခြားသား ဧည့်သည်တွေ အတွက်လည်း အဆင်ပြေနိုင်ပါတယ်။ အစားအသောက် မညံ့ဖို့လိုအပ်သလို သင့်တင့်တဲ့ ဈေးနှုန်းမျိုးတော့ ဖြစ်ဖို့တော့ လိုပါတယ်။

Ref. Paintmeparadise, Sengkangbabies

You may also like these stories:

ကြောင်ချစ်သူများအတွက် ကြောင်ကဖေး

တိရစ္ဆာန်ချစ်သူတွေ ဂျပန်နိုင်ငံကိုရောက်ရင် သွားလည်သင့်တဲ့ နေရာ (၄) ခု

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူတော့မယ်ဆိုရင် ကြိုတင်စဉ်းစားသင့်တဲ့ အချက် ၅ ချက်

Loading