၂၁ ရာစုမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ တင်ပြနိုင်အောင် မီဒီယာတွေက အားထုတ်လာကြပါတယ်။ ဒါကြောင့် ၂၁ ရာစုကို သတင်းအချက်အလက်နဲ့ နည်းပညာခေတ်လို့ ခေါ်လေ့ ရှိကြပါတယ်။
မီဒီယာတွေကဖော်ပြပေးနေတဲ့ သတင်းအချက်အလက်တွေထဲမှာ သမိုင်းတန်ဖိုးလည်းပါဝင်သလို လူတွေနေ့စဉ်ကြုံ နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ကဏ္ဍအသီးသီးလည်း ပါဝင်သလို လူတွေရဲ့ မေ့လျော့ခြင်း ကိုခံနေရတဲ့ ဒေသတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့် မီဒီယာတွေကနေ လူတွေရဲ့ မေ့လျော့ခြင်းကို ခံနေရတဲ့ ဒေသတွေအကြောင်း ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားလာကြပါတယ်။ အဲဒီလိုနေရာတွေထဲမှာ ချာနိုဘိုင်း (Chernobyl) နျူးကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့တဲ့ နေရာလည်း ပါဝင်ပါတယ်။
ချာနိုဘိုင်း နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြီးဟာ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ယူကရိန်းနိုင်ငံ မြောက်ပိုင်း Pripyat မြို့အနီးမှာ ဖြစ်ပွားခဲ့ပါတယ်။ အခုဆိုရင်တော့ ချာနိုဘိုင်း နျူးကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၃၃ နှစ် ကြာခဲ့ပါပြီ။
နှစ်ပေါင်း ၃၀ ကျော်နီးပါးလုံးလုံး ခရီးသွားလာမှု မရှိခဲ့တဲ့ အဲဒီ ဒေသကို အမေရိကန် ရုပ်သံလိုင်း တခုဖြစ်တဲ့ HBO က “Chernobyl” နာမည်နဲ့ စီးရီးအဖြစ် ထုတ်လွှင့်လိုက်တဲ့အခါ လူတွေရဲ့ စိတ်ဝင် စားမှုခံခဲ့ရပါတယ်။ ရုပ်သံစီးရီး လွှင့်ပြီးနောက်ပိုင်းမှာ အဲဒီ ခရီးစဉ်ကို Booking ယူတဲ့ ခရီးသွား ရာခိုင်နှုန်း ၄၀ အထိ တိုးလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တွင်း ခရီးသည် ၇၀,၀၀၀ ကျော်လာရောက်ခဲ့ပြီး အခုဆိုရင် အဲဒီနေရာကို ခရီး သွားတွေ ပိုမိုလာရောက် လည်ပတ်နေကြပါပြီ။
ပြင်သစ်နိုင်ငံမှာရှိတဲ့ လုဗ်ပြတိုက်ကြီးကလည်း ကမ္ဘာကျော် ပြတိုက်ကြီးတခုပါပဲ။ အခုတော့လည်း အဲဒီနေရာကို ခရီးသွားတွေ ပိုပြီး လည်ပတ်ချင်စရာ အကြောင်းရင်း ရှိနေပါတယ်။
အဆိုပါ ကမ္ဘာကျော်နေရာကို ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဘီယွန်ဆေးနဲ့ Jay-Z တို့က သူတို့ရဲ့ သီချင်းဖြစ်တဲ့ Apeshit အတွက် Music Video သွားရိုက်ခဲ့ကြပါတယ်။ အဲဒီသီချင်းကို လုဗ်ပြတိုက်ရဲ့အခန်းတွေမှာ ရိုက်ကူးခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာတော့ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပြီး အချိန် ၆ မိနစ်စာ သီချင်း ဗီဒီယိုဖိုင်က အခုဆို ကြည့်ရှုသူ သန်း ၁၈၀ ကျော်သွားခဲ့ပါပြီ။
ဒီဗီဒီယိုဖိုင်ကြောင့်လည်း လုဗ်ပြတိုက်ကို လာရောက် လည်ပတ်သူ အရေအတွက်က ၂၀၁၈ ခုနှစ်အတွင်း ၁၀ ဒဿမ ၂ သန်း ရှိခဲ့ပြီး အရင်စံချိန်တွေအားလုံးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပိုမိုတိုး တက်လာတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဘီယွန်ဆေးနဲ့ Jay-Z တို့ကြောင့် ပိုမို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “Chinese Restaurant” ဇာတ်ကားကို ပြင်သစ်နိုင်ငံ၊ Colmar မြို့မှာ ရိုက်ကူးခဲ့ပါတယ်။ အဲဒီအချိန်ကတည်း တရုတ်တို့ ကမ္ဘာထဲကို Colmer မြို့ ရောက်ရှိလာခဲ့ပါတယ်။ “Chinese Restaurant” ဇာတ်ကားဟာ တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ ရုပ်သံစီးရီးဖြစ်ပြီး ကြည့်ရှုသူ ၂ ဒဿမ ၅ ဘီလီယံ အထိ ရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ Colmar မြို့ကို ခရီးသွားကြတဲ့ တရုတ်နိုင်ငံသား အရေအတွက် ၇၀ ရာခိုင်နှုန်းအထိ တိုးသွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရောက်တော့လည်း ၂ ဆ တိုးလာခဲ့ပါတယ်။ အခုလို တရုတ်လူမျိုးတွေ ပြင်သစ်နိုင်ငံ Colmar မြို့ကို အလည်သွားရတဲ့ အကြောင်းကတော့ “Chinese Restaurant” ရုပ်သံစီးရီးကြောင့်ပါပဲ။
အခု ဖော်ပြပေးခဲ့တဲ့ ဒေသတွေဟာ မီဒီယာတွေကြောင့် ပိုပြီး လူသိများ ထင်ရှားလာတဲ့ နိုင်ငံတကာက ဒေသတွေ အကြောင်းပါ။ စာရေးသူတို့ မြန်မာနိုင်ငံမှာလည်း လှပပြီး လူသိနည်းသေးတဲ့ နေရာဒေသတွေ များစွာ ရှိနေပါတယ်။
အချို့သော နေရာဒေသတွေက ဆိုရှယ်မီဒီယာမှာ Travel Blogger များ ရေးသား ဖော်ပြမှုကြောင့် လူသိများလာခဲ့ပြီး၊ အချို့နေရာများကတော့ ရုပ်ရှင်၊ ရုပ်သံ ဇာတ်လမ်းတွဲများမှာ ထည့်သွင်း ရိုက်ကူးတာကြောင့် လူသိများလာတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားလုပ်ငန်းဟာ မီဒီယာတွေရဲ့ ရေးသား ဖော်ပြမှုအပေါ်မှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရဆဲပါပဲ။
Ref. Tourism-review
You may also like these stories:
ကမ္ဘာတဝှမ်းက ဆန်းဆန်းပြားပြား စားသောက်ဆိုင်များ
ကမ္ဘာပေါ်က အသန့်ရှင်းဆုံး နိုင်ငံများ
သက်တမ်းနှစ် ၅၀၀ ကျော်ပြီ ဖြစ်တဲ့ အိန္ဒိယနိုင်ငံက “အမေများရဲ့ဈေး”