တိရစ္ဆာန်တွေ နေထိုင်ပြုမှုပုံကို လေ့လာချင်ရင် တိရစ္ဆာန်ရုံကို သွားလေ့ ရှိကြပါတယ်။ ဒါဟာ လူတွေအတွက် အလွယ်ကူဆုံး နည်းလမ်းပါပဲ။ ဒါကြောင့်လည်း မိဘတွေဟာ သားသမီးတွေကို အားလပ်ရက်တွေမှာ တိရစ္ဆာန်ရုံတွေဆီ အလည်ပို့လေ့ ရှိကြပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ တိရစ္ဆာန်ရုံတွေတင်မဟုတ်ဘဲ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ရှားပါးမျိုးစိတ်တွေကို တွေ့ရှိနိုင်တဲ့ နေရာတွေ အကြောင်းပါပဲ။
(၁) Churchill (ကနေဒါနိုင်ငံ)
Churchill မြို့ကိုလူတွေက ပိုလာဝက်ဝံမြို့တော်လို့ ခေါ်လေ့ ရှိကြပါတယ်။ ဒီမြို့လေးမှာဆိုရင် ပိုလာ ဝက်ဝံအများအပြားကိုသာမက နို့တိုက်သတ္တဝါ အများအပြားနဲ့ ဝေလငါးတွေကို တွေ့နိုင်ပါတယ်။
(၂) Volcanoes National Park (ရဝမ်ဒါနိုင်ငံ)
ရဝမ်ဒါနိုင်ငံရဲ့ အမျိုးသားဥယျာဉ်ဖြစ်တဲ့ Volcanoes ဟာ ရဝမ်ဒါနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရှိပါတယ်။ ၆၂ စတုရန်းမိုင် အကျယ်အဝန်းရှိပြီး မိုးသစ်တောကြီးက ဖုံးလွှမ်းထားပါတယ်။ အဲဒီဥယျာဉ်ကြီးဟာ အာဖရိကတိုက် လူဝံတွေရဲ့ နေအိမ်ကြီးဖြစ်ပြီး လူဝံ မျိုးကွဲပေါင်း ၁၈ မျိုးလောက် ရှိပါတယ်။
(၃) The Galapagos Island (အီကွေဒေါနိုင်ငံ)
ဒီကျွန်းစုကြီးမှာတော့ ပင်ဂွင်းငှက်တွေ၊ အရွယ်အစားကြီးမားတဲ့ လိပ်ကြီးတွေ၊ စင်ရော်ငှက်တွေ၊ ဖွတ်မျိုးနွယ်စုတွေ နေထိုင်ကြပါတယ်။
(၄) Serengeti National Park (တန်ဇန်းနီးယားနိုင်ငံ)
တန်ဇန်းနီးယားနိုင်ငံက Serengeti National Park မှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ အနေနဲ့ ခြင်္သေ့၊ ဆင်၊ ကျွဲ၊ ကျားသစ်၊ မြင်းကြား၊ ကြံ့နဲ့ သစ်ကုလားအုပ် စတာတွေကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
(၅) Kangaroo Island (သြစတြေးလျနိုင်ငံ)
Kangaroo ကျွန်းဟာ သြစတြေးလျနိုင်ငံရဲ့ အမှတ်လက္ခဏာတခု ဖြစ်သလို သြစတြေးလျနိုင်ငံမှာ တတိယ အကြီးဆုံးကျွန်းလည်း ဖြစ်ပါတယ်။ စင်ရော်၊ ပင်ဂွင်း နဲ့ ဝေလငါးတွေအပြင် သြစတြေးလျနိုင်ငံမှာသာ တွေ့ရတဲ့ရှိတဲ့ အမြီးမရှိတဲ့ ဝက်ဝံတမျိုးကိုလည်း တွေ့နိုင်ပါတယ်။
(၆) Sea of Cortez (မက္ကဆီကိုနိုင်ငံ)
ရေနေသတ္တဝါတွေရဲ့ သဘာဝကို လေ့လာချင်ရင် ဒီနေရာက အကောင်းဆုံးနေရာပါပဲ။ ကမ္ဘာပေါ်မှာလည်းဒီနေရာက လင်းပိုင်၊ ငါးမန်း၊ ဝေလငါးနဲ့ ပင်လယ်လိပ်တို့ရဲ့ နေအိမ်လည်း ဖြစ်ပါတယ်။
(၇) Costa Rica နိုင်ငံ
Costa Rica နိုင်ငံရဲ့ နယ်မြေ ၂၇ ရာခိုင်နှုန်းက သဘာဝ တိရစ္ဆာန်တွေကို ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ဘေးမဲ့တောတွေ ဖြစ်ကြပါတယ်။ ဘေးမဲ့ပေးထားတဲ့ ဒီနေရာတွေမှာဆိုရင် မတူညီတဲ့ မျောက်မျိုးစိတ်တွေ၊ မိကျောင်း၊ ဖားအမျိုးမျိုး၊ ငှက်အမျိုးမျိုးစတဲ့ မရေတွက်နိုင်တဲ့ မျိုးစိတ်တွေ နေထိုင်ကြပါတယ်။
(၈) Jim Corbett National Park (အိန္ဒိယနိုင်ငံ)
ကမ္ဘာမှာရှိတဲ့ ကျားမျိုးစိတ်ပေါင်း ၇၀ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံမှာသာ ရှိပါတော့တယ်။ ကမ္ဘာတဝန်းမှာဆိုရင်လည်း ကျားမျိုးစိတ်တွေ ရှားပါးလာပြီ ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ Jim Corbett National Park လို နေရာမျိုးမှာ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကျားမျိုးစိတ်တွေကို ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။
Ref. Travelpulse