၂၀၁၈ ခုနှစ်အတွက် ကမ္ဘာမှာ နိုင်ငံတကာ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်တဲ့ မြို့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပါ။ တခြား ဥရောပမြို့ကြီးတွေကို ကျော်လွန်ပြီး ဘန်ကောက်မြို့က နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘန်ကောက်မြို့ကို ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသည်ပေါင်း ၂၂ သန်းကျော် လာရောက်ခဲ့ပါတယ်။ ဥရောပ မြို့ကြီးတွေဖြစ်တဲ့ ပဲရစ်နဲ့ လန်ဒန်မြို့ကြီးတွေကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည် စုစုပေါင်းကတော့ ၁၉ သန်းသာ ရှိခဲ့ပါတယ်။
အာရှနိုင်ငံအတွင်းက မြို့တွေထဲမှာဆိုရင်တော့ တိုကျိုမြို့ကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ဧည့်သည်က ၁၄ သန်း ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း တိုကျိုမြို့ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားအရေအတွက်က ၁၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး ခရီးသွားလုပ်ငန်းကနေ ရတဲ့ ဝင်ငွေက တိုင်းပြည် GDP (စုစုပေါင်း အမျိုးသားထုတ်လုပ်မှု) ရဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။ အခုပြုစုထားတဲ့ စာရင်းကိုတော့ အမေရိကန်အခြေစိုက် Mastercard က ပြုစုပေးထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့မြို့ကြီး ၂၀၀ ရဲ့ အချက်အလက်တွေကို အခြေခံထားပါတယ်။
ဘန်ကောက်မြို့ဟာ အခုအကြိမ်မှသာ နိုင်ငံတကာ ခရီးသွား အများဆုံး လာရောက် လည်ပတ်တဲ့ မြို့မဟုတ်ပါဘူး။ Mastercard က ထုတ်ပြန်ထားတဲ့ အချက်အလက်အရ နိုင်ငံတကာ ခရီးသွားအများဆုံး လာရောက်လည်ပတ်တဲ့ မြို့စာရင်းမှာ ဘန်ကောက်မြို့က ၄ ကြိမ်ဆက်တိုက် ပါဝင်နေပါတယ်။
ဘန်ကောက်မြို့ကို အများဆုံး လာရောက် လည်ပတ်ကြသူတွေကတော့ တရုတ်ပြည်မကြီးက ခရီးသွားတွေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အင်္ဂလန်နိုင်ငံက ခရီးသွားတွေပါ။ ဖူးခတ်နဲ့ ပတ္တယားကမ်းခြေကလည်း ခရီးသွားတွေ အများဆုံး လာရောက်ကြတဲ့ ဒေသ ၂၀ စာရင်းမှာ ပါဝင်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ခရီးသွားအများဆုံး လာရောက်တဲ့ ဒေသတွေကတော့ —
၁။ ဘန်ကောက်မြို့
၂။ ပဲရစ်မြို့
၃။ လန်ဒန်မြို့
၄။ ဒူဘိုင်းမြို့
၅။ စင်ကာပူနိုင်ငံ
၆။ ကွာလာလမ်ပူမြို့
၇။ နယူးယောက်မြို့
၈။ အစ္စတန်ဘူမြို့
၉။ တိုကျိုမြို့နဲ့
၁၀။ Antalya မြို့တို့ဖြစ်ပါတယ်။
Ref. Bangkokpost, Thethaiger