ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘဟားမားနိုင်ငံမှာ တိုက်ခတ်သွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယံက ဘဟားမားနိုင်ငံကို အတော်လေး အထိနာစေခဲ့ပါတယ်။
မုန်တိုင်းက Abacos ကျွန်းနဲ့ Grand Bahama ကျွန်းစုတွေမှာ ပြင်းပြင်းထန်ထန် ဝင်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၅ ယောက်ကျော် သေဆုံးခဲ့ရပါတယ်။ မုန်တိုင်းလွန်ကာလ ရောက်လာတဲ့နောက်မှာတော့ ဘဟားမားနိုင်ငံ ပြန်လည် ထူထောင်ရေးက အရေးကြီးလာခဲ့ပါတယ်။
ဘဟားမားနိုင်ငံရဲ့ GDP (စုစုပေါင်း အမျိုးသားထုတ်လုပ်မှု) ၅၀ ရာခိုင်နှုန်းက ခရီးသွားလုပ်ငန်းကို မှီခိုနေပါတယ်။ ဒါကြောင့်လည်း မုန်တိုင်းလွန်ကာလမှာ ခရီးသွားတွေ ပိုပြီး လာရောက်ကြဖို့ လိုအပ်နေပါတယ်။
အခုကာလမှာ ဘဟားမားနိုင်ငံကို ပြန်လည် ထူထောင်နိုင်မယ့် အရေးကြီးလုပ်ငန်းစဉ် ၂ ရပ်ကို ပညာရှင်တွေက ထောက်ပြထားပါတယ်။ အဲဒီလုပ်ငန်းကြီး ၂ ရပ်ကတော့ လူသားချင်း စာနာထောက်ထားစိတ်နဲ့ ဘဟားမားနိုင်ငံကို ငွေကြေး လှူဒါန်းကြဖို့နဲ့ ဟာရီကိန်းမုန်တိုင်းဒဏ် မခံခဲ့ရတဲ့ ကျွန်းတွေဆီကို ခရီးသွားတွေ ပိုမိုလာရောက်ကြဖို့ အတွက်ပါပဲ။ ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်တာကလည်း ဘဟားမားနိုင်ငံကို တနည်းတဖုံ ကူညီပေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ Abacos ကျွန်းစုနဲ့ Grand Bahama ကျွန်းစုက ဟိုတယ်တွေကိုတော့ အခုချိန်ထိတိုင် ပိတ်ထားတုန်းပါပဲ။ ဒါပေမဲ့ မုန်တိုင်းဒဏ် မခံခဲ့ရတဲ့ ဘဟားမားအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက ဟိုတယ်နဲ့ အပန်းဖြေ ကမ်းခြေတွေကို ဖွင့်လှစ်ထားသလို ဘဟားမားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Nassau မြို့နဲ့ Paradise ကျွန်းက ဟိုတယ်တွေနဲ့ အပန်းဖြေကမ်းခြေတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။
မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ Abacos ကျွန်းနဲ့ Grand Bahama ကျွန်းစုတွေမှာရှိတဲ့ ဟိုတယ်အခန်း စုစုပေါင်းက အကြမ်းဖျင်း၂၂၅၀ ခန်း ရှိပြီး ဘဟားမားတနိုင်ငံရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ ကာရစ်ဘီယံ ဒေသတဝိုက်မှာတော့ ဘဟားမားနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ နိုင်ငံဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေကနေ နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ခရီးသွားတွေ အလာများတဲ့ ဒီဇင်ဘာလ ရောက်လာရင်တော့ ပျက်စီးသွားတဲ့ ဟိုတယ် အသေးစားတွေကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အခုချိန်ထိတော့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေရဲ့ လေဆိပ်တွေကို ပိတ်ထားရပါသေးတယ်။
ဘဟားမားဝန်ကြီးချုပ်ဖြစ်တဲ့ Hubert Minnis ကတော့ “ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ဟာ ဘဟားမား ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြီးအကျယ် ဖျက်ဆီးခဲ့တဲ့အပြင် ကျွန်းစု တချို့လည်း ရေအောက် မြှုပ်ခဲ့ရတယ်”လို့ ပြောပါတယ်။
Ref. Edition.cnn, Forbes
You may also like these stories:
ခရီးသွားတွေ ထိခိုက်ဒဏ်ရာ ရတဲ့အတွက် ထိုင်းနိုင်ငံက Erawan ရေတံခွန်ကို ယာယီပိတ်ထား
ကိုမိုဒိုနဂါးတွေ မျိုးသုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုမိုဒိုကျွန်း
အရှေ့တောင်အာရှမှာ တောင်ကိုရီးယား ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ နေရာများ
မုန်တိုင်းဒဏ်ခံ မိုဇမ်ဘစ်ပြည်သူများ ကယ်ဆယ်ရေးများကို စောင့်ဆိုင်းနေ