ပြည်တွင်းပြည်ပ ခရီးစဉ်များကို ဘဏ်ချေးငွေဖြင့် သွားနိုင်ရန် မြန်မာ့ခရီးသွားဘဏ်(MTB)နှင့် ခရီးသွားဝန် ဆောင်မှု လုပ်ငန်းများ စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ခရီးသွားချေးငွေ (Travel Loan) သည် မြန်မာ့ ခရီးသွားဘဏ်နှင့် ချိတ်ဆက်ထားသော ပြည်တွင်းခရီးသွား ကုမ္ပဏီများနှင့် ခရီးသွားလာပါက ကုန်ကျစရိတ်များကို ဘဏ်မှ အရစ်ကျစနစ်ဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ်၏ ဒု အုပ်ချုပ်မှု ဒါရိုက်တာ ဦးအန်ဒရူးက ဧရာဝတီသို့ ပြောသည်။
“ချေးငွေအတွက်က ဘဏ်ကို တိုက်ရိုက် လျှောက်စရာ မလိုဘူး။ ခရီးသွား ကုမ္ပဏီကနေ တဆင့် လျှောက်ပြီး ဘဏ်က ခရီးသွားကုမ္ပဏီကို ခရီးစဉ်အတွက် ငွေချေပေးတဲ့ စနစ်ပေါ့။ ပြည်သူကိုချေးငွေ တိုက်ရိုက်မပေးတာက ခရီးသွားတဲ့ ကိစ္စမှာ အမှန်တကယ် သုံးစေချင်လို့ပါ” ဟု သူကဆိုသည်။
ယင်းချေးငွေ လုပ်ဆောင်ရခြင်းသည် ပြည်တွင်း ခရီးသွားကုမ္ပဏီများ တိုးတက်ရေးနှင့် ပြည်တွင်း ခရီးသွားလာမှုများ တိုး တက်လာစေရန် အတွက် ရည်ရွယ်ကြောင်း ဦးအန်ဒရူးက ပြောဆိုသည်။
ခရီးသွား ချေးငွေဝန်ဆောင်မှု အတွက် မြန်မာ့ခရီးသွားဘဏ်နှင့် ဆွေးနွေးနေသော Wings & Wheels Travel and Tour ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက “အခုကတော့ ဘဏ်နဲ့ ဆွေးနွေးနေဆဲပါ။ ရှေ့လ လောက်မှာတော့ စပြီး မိတ်ဆက်နိုင်မယ်။ ဒီဝန်ဆောင်မှုက ခရီးသွားဖို့ဆိုရင် အမြဲစဉ်းစားနေရတဲ့ ဘတ်ဂျက်ကိစ္စကို တော်တော် ဖြေရှင်းပေးနိုင်လိမ့်မယ်” ဟု ဆိုသည်။
၎င်းက “ နိုင်ငံခြားခရီးသွားမယ်ဆိုရင် တလုံးတည်း ပေးစရာ မလိုတော့ဘဲ Travel loan နဲ့ ဆိုရင် ကိုယ့်ဝင်ငွေထဲက တလချင်း ပြန်ပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် ခရီးသွားဖို့ ကိစ္စကို ပိုပြီး စိတ်ဝင်စား လာကြမယ် ထင်တယ်” ဟု ပြောသည်။
အဆိုပါ Travel Loan သည် လစဉ် ပုံမှန် ဝင်ငွေရှိနေသော ဝန်ထမ်းများအတွက် ရည်ရွယ်လုပ်ဆောင် ခြင်း ဖြစ်ကာ ချေးငွေ ကာလသည် ၃ လ၊ ၆ လ မှ ၁ နှစ် အထိ သတ်မှတ်မည်ဖြစ်ပြီး အတိုးနှုန်းကိုမူ မြန်မာ့ခရီးသွားဘဏ်နှင့် ခရီးသွားကုမ္ပဏီ များကြား ညှိနှိုင်းနေကြောင်း သိရသည်။
လက်ရှိ အချိန်တွင်လည်း ပြည်တွင်း ခရီးသွား ကုမ္ပဏီများသည် ပုဂ္ဂလိကဘဏ်များ၏ Credit card (အကြွေးဝယ်ကတ်) များ ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ခရီးစဉ်များ၊ အရစ်ကျ စနစ်များဖြင့် ပေးချေ နိုင်သည့် အစီအစဉ်များဖြင့် လုပ်ဆောင် လျက်ရှိသော်လည်း လစာဝင်ငွေ တလ ၁၀ သိန်းခန့် ရရှိနေ သော သူများသာ အဆင်ပြေလျက် ရှိကြောင်း၊ ယခု Travel Loan သည် လစာဝင်ငွေ အလယ်အလတ် ရရှိနေသူများ အတွက်ပါ အဆင်ပြေရန် လိုအပ်ကြောင်း ခရီးသွား Blogger ကိုသီဟ (The Traveller) က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီလိုမျိုးတွေ များများရှိလာတာက ခရီးသွားကဏ္ဍ အတွက် အများကြီး ကောင်းပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ စာရွက်စာတမ်းကိစ္စတွေမှာ လွယ်လွယ်ကူကူ ရိုးရှင်းဖို့တော့ လိုမယ်” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် မြန်မာ့ခရီးသွားဘဏ် အနေဖြင့် ခရီးသွားချေးငွေ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြည်တွင်းခရီးသွား ကုမ္ပဏီ ၅ ခုနှင့် ဆွေးနွေးလျက်ရှိပြီး နောက်ပိုင်းတွင် ပြည်တွင်းရှိ နာမည်ကြီး ခရီးသွားကုမ္ပဏီများနှင့်ပါ ချိတ်ဆက်လုပ် ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ကုမ္ပဏီဝန်ထမ်း တဦးက “အခုက ခရီးသွား ကုမ္ပဏီတွေက အရစ်ကျစနစ်နဲ့ ခရီးစဉ်ရဲ့၃၀ ရာခိုင်နှုန်း လောက်သွင်းပြီး ကျန်တာကို ပြန်လာမှ ၁ နှစ်ပေးပေါ့။ ဒါပေမယ့် သူက ခရီးစဉ်အတွက် ကုန်ကျ စရိတ်ကိုတွက်ရင် ဒေါ်လာနှုန်းက ပေါက်ဈေးထက် ပိုတွက်တယ်။ အခုလည်း ဘဏ်နဲ့ ချိတ်မှာဆိုတော့ အတိုးများမယ်။ ဒေါ်လာဈေးကိုလည်း ပိုတွက်ပြီး ကောက်မယ် ဆိုရင်တော့ သွားမယ့်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများ အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီး ရှား၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများသို့ သွားလာမှုများပြီး ခရီးသွားမည့် ရက်အပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၃၀၀ ကျော်မှ ဒေါ်လာ ၁၀၀၀ ကြား(ကျပ် ၅ သိန်းခန့်မှ ၁၅ သိန်း ကျော်) အထိ ကုန်ကျစရိတ် ရှိကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ဥရောပနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်လည်ပတ်သူဦးရေ မြင့်တက်လာကြောင်း လည်း ခရီးသွား လုပ်ငန်းများရှင်များက ပြောဆိုသည်။
You may also like these stories:
တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ
တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်