ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်းက Houtong Cat Village ဟာ တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ အေးချမ်း တိတ်ဆိတ်တဲ့ ရွာလေးတရွာပါ။ ထိုင်ဝမ်နိုင်ငံရဲ့ မြို့တော် တိုင်ပေမြို့ကနေ ၃၅ ကီလိုမီတာ(၂၁ မိုင်ကျော်) သာ ကွာဝေးပါတယ်။
Houtong Cat Village ဟာ ထိုင်ဝမ်နိုင်ငံမှာ ကျော်ကြားတဲ့ ရွာတရွာဖြစ်ပြီး အဲဒီရွာမှာ ကြောင်အကောင်ရေ ပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ဒါကြောင့်လည်း တိတ်ဆိတ်အေးချမ်းတဲ့ သဘာဝအလှနဲ့ တွဲဖက်နေတဲ့ အဲဒီရွာကလေးကို ခရီးသွားအများစု လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ထိုင်ဝမ်နိုင်ငံကို လည်ပတ်ကြတဲ့ ခရီးသွားတွေအနေနဲ့ Houtong Cat Village ဟာ မသွားမဖြစ်တဲ့ နေရာ တနေရာပါပဲ။
အရင်တုန်းကတော့ Houtong Cat Village မှာ သတ္တတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြသလို Houtong Cat Village ကနေ နှစ်စဉ်ကျောက်မီးသွေး တန်ပေါင်း ၂၂၀,၀၀၀ ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Houtong Cat Village ဟာ ထိုင်ဝမ်နိုင်ငံမှာ ကျောက်မီးသွေး အများဆုံး ထွက်ရှိတဲ့ ဒေသတခုပါ။
နောက်ပိုင်းနှစ်တွေမှာတော့ Houtong ကို လူများစွာ ပြောင်းရွှေ့နေထိုင်လာခဲ့ကြတဲ့အတွက် လူဦးရေ ၆,၀၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀ ခုနှစ် ရောက်လာတဲ့အခါ မှာတော့ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းသွားကြတဲ့အတွက် လူဦးရေ ကျဆင်းသွားခဲ့ပြန်ပါတယ်။ Houtong မှာ နေထိုင်ကြတဲ့ လူငယ်မျိုးဆက်တွေကလည်း တခြားဒေသတွေဆီ ပြောင်းရွှေ့သွားကြတဲ့အတွက် လူဦးရေ ရာဂဏန်းလောက်သာ ကျန်ရစ်ပါတော့တယ်။
၂၀၀၈ ခုနှစ်မှာတော့ ကျန်နေရစ်ခဲ့ကြတဲ့လူတွေက Houtong ကို ပြုပြင်ရေးလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒါကတော့ ကြောင်တွေ မွေးမြူပြီး ကြောင်ချစ်သူတွေ ဖြစ်လာကြတာပါပဲ။ ကြောင်တွေကို သေချာ မွေးမြူကြသလို ကြောင်တွေနဲ့ ပတ်သက်တဲ့ ချစ်စရာ ဓလေ့တွေကိုလည်း လူတွေကို သတင်း ပေးခဲ့ပါတယ်။
ရွာသားတွေ လုပ်တဲ့ အလုပ်ကတော့ ချစ်စရာကောင်းတဲ့ ကြောင်လေးတွေကို အလှဆင်ပေးပြီး အင်တာနက်ပေါ် တင်ကြတာပါ။ အဲဒီအချိန်ကစပြီး သူတို့ပေးတဲ့ Message ကို ကမ္ဘာအနှံ့က လူတွေ ရခဲ့ကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ တကမ္ဘာလုံးက ကြောင်ချစ်သူတွေဟာ Houtong Cat Village ကို ရောက်လာခဲ့ကြပါတယ်။
တချိန်က ကျောက်မီးသွေးတူးဖော်တဲ့ နေရာလေးဟာ အခုဆိုရင်တော့ ကြောင်ချစ်သူတွေ အတွက် အထင်ကရနေရာ ဖြစ်လာခဲ့ပါတယ်။ တပတ် တပတ်ကိုလည်း ထောင်ချီတဲ့ ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဒေသခံတွေရဲ့ စီးပွားရေး အခွင့်အလမ်းက အရင်ကထက်ကောင်းမွန်လာခဲ့ပါတယ်။
အဲဒီရွာလေးမှာဆိုရင် အမှတ်တရပစ္စည်း အရောင်းဆိုင်တွေကလည်း အများအပြားပါပဲ။ Houtong Cat Villlage ကို သွားဖို့ကလည်း မခက်ခဲပါဘူး။ တိုင်ပေဘူတာက နေ့ခင်း ၁ နာရီကျော်ကျော်လောက် မီးရထား စီးလိုက်ရင် Houtong ဘူတာကို ရောက်ရှိပြီး အဲဒီကို သွားလည်နိုင်ပါတယ်။
Ref. Timesofindia
You may also like these stories:
အဝတ်လျှော်စက်ထဲ နာရီဝက်ကျော် ပါသွားခဲ့တဲ့ ကြောင်လေး ဆေးကုသမှု ခံယူနေရ
သေသွားတဲ့ ကြောင်လေးကို မခွဲနိုင်လို့ ကြောင် ကိုယ်ပွားတခု ဖန်တီးခဲ့တဲ့ တရုတ်အမျိုးသား
ခရီးသွားတွေကို တိရစ္ဆာန်တွေနဲ့ ဆွဲဆောင်ထားတဲ့ ဘန်ကောက်မြို့က “Little Zoo Café”