ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားထဲမှာ ယောဂကျင့်တာ၊ တရားထိုင်တာနဲ့ အနှိပ်ခံတာ စတာတွေ ပါဝင်ပါတယ်။ ဒီခရီးသွားလုပ်ငန်း အမျိုးအစားဟာလည်း ကမ္ဘာမှာ အောင်မြင်နေတဲ့ ခရီးသွားလုပ်ငန်း အမျိုးအစားပါပဲ။
မာဆတ်လုပ်ငန်းကို အဓိက လုပ်ကိုင်တာကတော့ ထိုင်းနိုင်ငံပါပဲ။ ထိုင်းနိုင်ငံဟာ မာဆတ် လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေတွေကိုလည်း နှစ်စဉ် ရရှိနေပါတယ်။ ထိုင်းနိုင်ငံ မာဆတ်လုပ်ငန်း အများစုမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာ သူတို့လုပ်ငန်းကို တကယ် ကျွမ်းကျင်သူတွေလည်း ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း မာဆတ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ် အနှိပ်လုပ်ငန်းကို ကျွမ်းကျင်လို့ လုပ်ကိုင်နေကြသူတွေကတော့ နည်းပါးပါတယ်။ မာဆတ်တွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးအများစုဟာ ငယ်ရွယ်သူတွေ ဖြစ်ကြပြီး အများစုက မိသားစု စားဝတ်နေရေးကြောင့် မာဆတ်လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ မာဆတ်လုပ်ငန်း လုပ်ကိုင်ကြတဲ့ မိန်းကလေး အများစုကို မကောင်းတဲ့ အမျိုးသမီးတွေ လုပ်ကိုင်တဲ့ အလုပ်စာရင်းထဲ ထည့်ကြတာ များပါတယ်။ အများစုဟာ လုပ်ငန်းကျွမ်းကျင်မှု မရှိပေမယ့် မကောင်းတဲ့ အမျိုးသမီးတွေချည်းပဲလည်း မဟုတ်ပါဘူး။ စားဝတ်နေရေးအရ ဝင်ရောက် လုပ်ကိုင်နေကြသူတွေ များပါတယ်။
ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက်ကြောင့်လည်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေဟာ မြန်မာနိုင်ငံက မာဆတ်တွေကို သွားလေ့သွားထ သိပ်မရှိကြပါဘူး။ ဒါကြောင့်လည်း ရသင့်ရထိုက်တဲ့ နိုင်ငံခြားဝင်ငွေကို မရရှိပါဘူး။
ထိုင်းရိုးရာ မာဆတ်လုပ်ငန်းတွေဟာ အရည်အသွေးရှိတဲ့ လုပ်ငန်းဖြစ်သလို ဝန်ဆောင်မှုကိုလည်း အကောင်းဆုံးပေးလေ့ ရှိပါတယ်။ ဟိုတယ်တွေမှာဆိုလည်း မာဆတ် ဝန်ဆောင်မှု ပေးတာမျိုး ထားပေးလေ့ ရှိပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဟာ နိုင်ငံတကာ ဧည့်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့ အရေးကြီးပါတယ်။
အရှေ့တောင်အာရှမှာ ဆိုရင် ထိုင်းနိုင်ငံဟာ ဒီအချက်ကို သဘောပေါက်တဲ့အတွက် ခရီးသွားလုပ်ငန်းမှာ အောင်မြင်နေပါတယ်။ ဘန်ကောက်မြို့ကလည်း ကမ္ဘာလှည့် ခရီးသည်တွေ အများဆုံး လာရောက် လည်ပတ်တဲ့ မြို့စာရင်းမှာ အဆင့် ၁ နေရာက ရှိနေပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားဝန်ကြီးကလည်း အမေရိကန်နဲ့ ဥရောပက ခရီးသွားတွေ အလာနည်းနေတဲ့အတွက် ထိုင်းရိုးရာမာဆတ်လုပ်ငန်းတွေကို အဆင့်မြှင့်တင်သွားမယ်လို့ ပြောဖူးပါတယ်။ အဆင့်မြှင့်ရခြင်း အကြောင်းကလည်း ထိုင်းနိုင်ငံဟာ မာဆတ်လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အများကြီးရနေလို့ပါပဲ။ ထိုင်းရိုးရာ မာဆတ်လုပ်ငန်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းပါ။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျန်းမာရေး ဝန်ဆောင်မှု ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၃၉ ဘီလီယံ ရရှိခဲ့ပါတယ်။ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ် အတွင်း ဝင်ငွေ ၆ ဒဿမ ၅ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။
ကျန်းမာရေး ဝန်ဆောင်မှုကနေ ဝင်ငွေ အများဆုံး ရရှိနေတာကတော့ ဥရောပနိုင်ငံတွေဖြစ်ပြီး မြောက်အမေရိကလည်း ဝင်ငွေများစွာ ရရှိနေပါတယ်။ အမေရိကန်နိုင်ငံက ဟိုတယ်အများစုကတော့ ခရီးသွားဧည့်သည်တွေကို ဝန်ဆောင်မှု အကောင်းဆုံးပေးလေ့ ရှိကြပါတယ်။
ခရီးသွားတယ်ဆိုတာ စိတ်ပျော်ရွှင်ရုံ သက်သက်တော့မဟုတ်ပါဘူး။ စိတ်ကြည်နူးဖို့အတွက်လည်း လိုအပ်ပါသေးတယ်။ ပျော်ရွှင်မှုဆိုတာက တဒင်္ဂလေး ခံစားရတဲ့ အရာသာဖြစ်ပြီး ကြည်နူးမှုကတော့ ရေရှည်ခံတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းမှာလည်း ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတွေက အတုယူစရာ အချက်တွေကို မေ့မထားသင့်ပါဘူး။
Ref. Traveldailynews
You may also like these stories:
ခရီးသွားလုပ်ငန်းကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လိုတဲ့ ထိုင်းခရီးသွားလာရေး ဝန်ကြီး
ထိုင်းနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ ဘာကြောင့် အများအပြား လည်ပတ်ကြသလဲ
၂၀၁၉ ခုနှစ်မှာ ခရီးသည် ၄၁ သန်းလာရောက်ဖို့ မျှော်လင့်ထားတဲ့ ထိုင်းနိုင်ငံ
ထိုင်းခရီးသွားလုပ်ငန်း ပြပွဲ ဆင်များကို ဦးစားပေး ပြသ