ဘာသာတရားတိုင်းမှာ အထွတ်အမြတ်ထားတဲ့ နေရာတွေ ရှိကြပါတယ်။ သက်ဆိုင်ရာ ဘာသာဝင်တွေကလည်း ကိုယ်နဲ့ သက်ဆိုင်တဲ့ အထွတ်အမြတ် နေရာတွေကို မကြာခဏဆိုသလို ခရီးထွက်လေ့ ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင်နဲ့ သံဝေဇနိယ ၄ ဌာနက အရေးပါတဲ့နေရာတွေ ဖြစ်ပါတယ်။
သံဝေဇနိယ ၄ ဌာနဆိုတာကတော့
၁။ ဘုရားလောင်းဖွားမြင်တဲ့ လုမ္ဗိနီဥယျာဉ်
၂။ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့တဲ့ မဟာဗောဓိအောင်မြေ
၃။ ဓမ္မစကြာတရားဦးကို ဟောခဲ့တဲ့ မိဂဒါဝုန်တောနဲ့
၄။ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ ကုသိနာရုံ အင်ကြင်းတောတို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ အခုဖော်ပြခဲ့တဲ့ သံဝေဇနိယ ၄ ဌာနကို အရောက်သွားလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း အိန္ဒိယအစိုးရနဲ့ နီပေါအစိုးရတို့က ဘုရားဖူးဧည့်သည်တွေ အဆင်ပြေပြေ နေထိုင်နိုင်အောင် ကြိုးစားလုပ်ဆောင်ပေးလျက် ရှိပါတယ်။
မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရှိခဲ့တဲ့ ဗုဒ္ဓဂါယာကတော့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ရှိပါတယ်။ ဒါကြောင့်လည်း ဘီဟာပြည်နယ် ဝန်ကြီးချုပ်နဲ့ ဘီဟာအစိုးရအဖွဲ့က ဗုဒ္ဓဂါယာကို ကမ္ဘာ့အဆင့်အတန်းမီ နေရာ တနေရာဖြစ်လာအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ Timesofindia မှာ ဖော်ပြထားပါတယ်။
ဘီဟာအစိုးရအဖွဲ့ကတော့ ဗုဒ္ဓဂါယာကို ဘုရားဖူးဧည့်သည်တွေ အများဆုံး လာရောက်တဲ့ နေရာတနေရာ ဖြစ်စေချင်နေပါတယ်။ မကြာခင် အချိန်အတွင်းမှာတော့ အိန္ဒိယနိုင်ငံရဲ့ အထင်ကရ လည်ပတ်စရာ ၁၆ နေရာစာရင်းထဲ ဘီဟာပြည်နယ်လည်း ပါဝင်လာပါလိမ့်မယ်။
ဘီဟာဝန်ကြီးချုပ်ကလည်း ခရီးသွားလာရေး ဦးစီးဌာနအနေနဲ့ ဗုဒ္ဓဂါယာကို လာရောက် လည်ပတ်ကြတဲ့ ကမ္ဘာအနှံ့က ခရီးသွား ဧည့်သည်တွေအတွက် အဆင့်အတန်းမြင့်တဲ့ နေရာထိုင်ခင်းတွေကို ပြင်ဆင်ပေးထားကြောင်း ပြောဆိုခဲ့ပါတယ်။
အစိုးရအဖွဲ့ကလည်း ဗုဒ္ဓဂါယာမှာ Mahabodhi Cultural Centre ကို တည်ဆောက်နေသလို ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်အောင် အဆင့်အတန်းမြင့် တည်းခိုခန်းတွေကိုလည်း တည်ဆောက်နေပါတယ်။ ပြည်နယ်အစိုးရကတော့ ဗုဒ္ဓဂါယာ တနေရာတည်းတင်မက မြတ်စွာဘုရား နေထိုင်သွားလာခဲ့ဖူးတဲ့ Rajgir နဲ့ Vaishali ဒေသတွေကိုလည်း အဆင့်အတန်းမြင့်နေရာတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။
ဗုဒ္ဓဂါယာဒေသကို လာရောက် လည်ပတ်တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များအတွက်လည်း အဆင်ပြေပြေ သီတင်းသုံးနိုင်အောင် ဆောင်ရွက်နေတယ်လို့ Timesofindia မှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ ဘုရားဖူးဧည့်သည်တွေဟာ ဗုဒ္ဓဂါယာမှာ အဆင်ပြေပြေ တည်းခိုနိုင်ပါတော့မယ်။
၂၀၁၃ ခုနှစ်မှာတော့ ဗုဒ္ဓဂါယာက မဟာဗောဓိစေတီနဲ့ အနီးတဝိုက်မှာ အသေးစား ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
Ref. Timesofindia
You may also like these stories:
အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ဂူ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာ
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား
နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ
ကွယ်လွန်သူရဲ့ အရိုးပြာတွေကို ရေမျှောဖို့ လူတွေလာလေ့ရှိတဲ့ ဗာရာဏသီက ဂင်္ဂါမြစ်