Travel

မြင်နေကျပုံစံတွေကနေ ကွဲထွက်ဖန်တီးထားတဲ့ တိုကျိုကျည်ဆံရထားတွဲသစ် Laview

၁၉၇၀ ပြည့်နှစ်တွေတည်းက ရထားပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပုံမှန်ရထားတွဲတွေထက် ပိုမိုမြန်ဆန်ပြီး အချိန် ထက်ဝက်နီးပါးလျော့ချထားတဲ့ ကျည်ဆန်ရထားခရီးစဉ်တွေကို စတင်ပြေးဆွဲလာသလို တနှစ်ထက်တနှစ် အရင်ထက် ခေတ်မီဆန်းသစ်တဲ့ဒီဇိုင်းတွေကိုလည်း စဉ်ဆက်မပြတ် ဖန်တီးလာကြပါတယ်။

တိုကျိုမြို့ အနောက်မြောက်ပိုင်းကနေ Seibu မြို့ Chichibu တောင်တန်းတွေထိ ပြေးဆွဲပေးနေတဲ့ Seibu ရထား ခရီးစဉ်အတွက် နောက်ထပ်ကျည်ဆန်ရထား ဒီဇိုင်းသစ်တမျိုးကို စတင်အစားထိုးပြေးဆွဲနေပါပြီ။ Pritzker ဆုရ ထားတဲ့ ဒီဇိုင်းပညာရှင် ကာဇူယို စဲဂျီမားရဲ့လက်ရာ The Seibu 001 series ထဲက Laview လို့ နာမည်ပေးထား တဲ့ ငွေမျှင်ရောင်ကိုယ်ထည် ရထားတွဲသစ်ကြီးတွေကို မြင်တွေ့ရမှာပါ။

ကြီးမားတဲ့ ငွေမျှင်ရောင်ကိုယ်ထည်ကြီးကို ခရီးသွားဧည့်သည်တွေ ရုပ်ရှင်ပိတ်ကားတခုလို မြင်ကွင်းကျယ်မြင်ရ အောင် ပြတင်းပေါက်အခုံးတွေ တပ်ဆင်ပေးထားပါတယ်။ တခြားရထားတွဲတွေနဲ့ယှဉ်ရင် လမ်းတလျှောက်ရှုမျှော်မဆုံး ပန်းချီကားတချပ်လို ပတ်ဝန်းကျင် ရှုခင်းတွေကြည့်ရင်း လိုက်ပါစီးနင်းနိုင်မှာလည်းဖြစ်ပါတယ်။

အပြင်ကိုယ်ထည်တင်မကဘဲ အတွင်းပိုင်းကိုလည်း အဆင့်တန်းမြင့်မြင့် ဖန်တီးထားတာကြောင့် ကိုယ့်အိမ်ရဲ့ ဧည့်ခန်းကနေ ထိုင်လိုက်လာသလို ခံစားရစေမှာပါ။ ပြင်ပအလင်းရောင်များများရအောင် ဖန်တီးထားပြီး မီး ရောင်ကို ခပ်မှိန်မှိန်ပဲ အသုံးပြုထားပါတယ်။ သက်သောင့်သက်သာရှိတဲ့ အဝါရောင်အိစက်စက်ထိုင်ခုံတွေကို စိတ်ကြိုက် လိုသလို အတင်အချပြုလုပ်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

Laview ရထားတွဲဟာ ဒီဇိုင်နာ စဲဂျီးမားရဲ့ ပထမဦးဆုံး ပွဲထွက်လက်ရာဖြစ်တာကြောင့် သာမန်မြင်နေကျဒီဇိုင်း တွေကနေ ကွဲထွက်ဖန်တီးထားပြီး အနာဂတ်ရထားတွဲဒီဇိုင်းတွေရဲ့ ရှေ့ပြေးလက်ရာဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုခံထားရပါတယ်။

ရထားတွဲအသစ်ရဲ့ အဓိကအားသာချက်ကတော့ ဘယ်နေရာသွားသွား ကိုယ်အိမ်ကိုယ့်ရာလို သက်သောင့် သက်သာနဲ့ လိုက်ပါစီးနင်းသွားနိုင်မယ့် အချက်ဖြစ်တယ်လို့ ဒီဇိုင်နာ စဲဂျီးမားက ဆိုပါတယ်။ Seibu ရထားခရီး စဉ်ဟာ တောင်ပေါ်တွေ ထိ တက်ရတယ်ဆိုပေမယ့် မြေပြန့်မှာသွားနေသလို ငြိမ့်ငြိမ့်လေး လိုက်ပါစီးနင်းနိုင်မှာ ပါ။

အတွဲရှစ်တွဲပါ ရထားတွဲသစ်မှာ ထိုင်ခုံပေါင်း ၄၂၂ ခုံထားရှိပြီး တနာရီကို ၇၅ မိုင်နှုန်း ပြေးဆွဲပါတယ်။ Laview ရဲ့ အဓိပ္ပာယ်ကတော့ “L” က တန်ဖိုးကြီးလူနေမှုပုံစံကို ကိုယ်စားပြုပြီး “a” ကတော့ မြှားတစင်းလိုမြန်ဆန်မှုလို့ ဖွင့်ဆို နိုင်ပါတယ်။ “view” ကတော့ ပကတိအတိုင်းမြင်ရမယ့် ရူခင်းတွေကို ဆိုလိုရင်းဖြစ်ပါတယ်။

Seibu ရထားခရီး စဉ်မှာ ပြေးဆွဲနေတဲ့တွဲဟောင်းတွေအစား အဆိုပါရထားတွဲအသစ်တွေကို ဒီနှစ်အကုန်မှာအပြီး လဲလှယ်ဖို့ စီစဉ် ထားပါတယ်။

Ref: edition.cnn

Loading