ထိုင်းနိုင်ငံ အနောက်ပိုင်းမှာ တည်ရှိတဲ့ ကန်ချနာဘူရီမြို့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသနဲ့လည်း သိပ်မဝေးတဲ့ မြို့လေးပါ။ ကန်ချနာဘူရီကို အခုဆိုရင် နိုင်ငံတကာ ခရီးသွားများစွာ စိတ်ဝင်တစားနဲ့ လာရောက် လည်ပတ်နေကြပါပြီ။
ကန်ချနာဘူရီကို ခရီးသွားများစွာ လည်ပတ်ကြတဲ့ အကြောင်းရင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့တဲ့ စစ်သင်္ချိုင်း၊ သေမင်းတမန်ရထားလမ်း၊ သမိုင်းဝင် Kwai မြစ်ကူးတံတား၊ Jeath War အမျိုးသားပြတိုက်နဲ့ Sai Yok Noi ရေတံခွန်တို့ကြောင့်ပဲ ဖြစ်ပါတယ်။
ကန်ချနာဘူရီကို ရောက်ရင် လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ်။ Erawan အမျိုးသား ဥယျာဉ်ဆိုရင် နာမည်ကျော် နေရာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ၁၂ ခုမြောက် ဥယျာဉ်လည်း ဖြစ်ပါတယ်။ ခရီးသွားတွေကို အဓိက ဆွဲဆောင်တာကတော့ Erawan ရေတံခွန်ပါ။
နိုင်ငံတကာ ခရီးသွားတွေ ကန်ချနာဘူရီကို ရောက်ရင် သေမင်းတမန်ရထားလမ်းကို သွားလေ့ ရှိကြပါတယ်။ ဒီရထားလမ်းကြီးက Kwai မြစ်ပေါ်ကို ဖြတ်ထိုးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေဦးဆောင်မှုနဲ့ ဆောက်လုပ်ခဲ့ပါတယ်။
သမိုင်းဝင် ရထားလမ်းကြီးဖြစ်တာကြောင့်လည်း နိုင်ငံတကာခရီးသွားဧည့်သည်တွေသာမက ထိုင်းနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေပါ လေ့လာရေးအနေနဲ့ လာရောက် လည်ပတ်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။ ဂျပန်ခေတ်တုန်းကတော့ ဒီရထားလမ်းကိုအသုံးပြုပြီး လက်နက်ရိက္ခာ သယ်ယူခဲ့ကြပါတယ်။
ဒီရထားလမ်းကြီး ဖောက်လုပ်ခဲ့သူတွေကတော့ ဂျပန်တွေရဲ့ စစ်သုံ့ပန်းတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာအရပ်ရပ်က စစ်သုံ့ပန်းတွေပါပဲ။ ကန်ချနာဘူရီဟာ သေမင်းတမန်ရထားလမ်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ခရီးသွားတွေလည်း အများအပြား သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။
ကန်ချနာဘူရီ စစ်သင်္ချိုင်းကလည်း ထင်ရှားတဲ့ နေရာဖြစ်ပြီး သေမင်းတမန် ရထားလမ်း ဖောက်လုပ်စဉ်တုန်းက ကွယ်လွန်ခဲ့ကြတဲ့ စစ်သုံ့ပန်းတွေရဲ့ သင်္ချိုင်းလည်း ဖြစ်ပါတယ်။
Elephants World လို့ ခေါ်ကြတဲ့ ဆင်ကမ္ဘာကို သွားရောက် လည်ပတ်မယ်ဆိုရင် ဆင်စီးတာမျိုးတွေကို ခွင့်မပြုပါဘူး။ Elephants World မှာဆိုရင်တော့ ဆင်တွေကို ရေချိုးပေးတာ၊ အစာကျွေးတာမျိုးတွေကိုပဲ ခွင့်ပြုထားပါတယ်။
၂၀၁၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းအရ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီမှာ နေထိုင်တဲ့ လူဦးရေက ၂၉,၄၀၀ ယောက်သာ ရှိတဲ့အတွက် လူဦးရေ သိပ်သည်းမှု မရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်း နိုင်ငံကိုရောက်လာတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ ကန်ချနာဘူရီကို အေးအေးဆေးဆေး သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။
Ref: population.city