နိုင်ငံတကာ ခရီးသွားတွေအတွက် အန္တရာယ် အများဆုံး နိုင်ငံတွေရဲ့စာရင်းကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီစာရင်းဟာ ၂၀၁၉ ခုနှစ် အတွက် ကောက်ယူထားတဲ့ စစ်တမ်းဖြစ်ပြီး အချက် ၂၃ ချက်ကို အခြေခံပြီး ကောက်ယူထားတဲ့ စစ်တမ်းလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပါတယ်။
နောက်ထပ်အချက်တွေကတော့ ပြည်တွင်း ပဋိပက္ခ၊ နိုင်ငံရေး၊ လူသေဆုံးမှု စတာတွေလည်း ပါဝင်ပါသေးတယ်။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်တွေအတွက် အန္တရာယ် အများဆုံး နိုင်ငံ ၁၀ နိုင်ငံကတော့
၁။ အာဖဂန်နစ္စတန်နိုင်ငံ
အာဖဂန်နစ္စတန်နိုင်ငံဟာ ဆယ်စုနှစ် ၂ ခုလောက်ကြာအောင် စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို ကြုံခဲ့ရတဲ့ နိုင်ငံ တနိုင်ငံပါ။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ စစ်ပွဲကတော့ ၂၀၀၁ ခုနှစ်က စတင်ခဲ့တဲ့ စစ်ပွဲပါပဲ။ ဒီစစ်ပွဲဟာ အမေရိကန်နဲ့ ဖြစ်ခဲ့ရတဲ့ စစ်ပွဲပါ။
9/11 တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက် ဘင်လာဒင်နဲ့ အယ်လ်ကိုင်းဒါးတွေကို သုတ်သင်ရှင်းလင်းတဲ့ စစ်ပွဲပါ။ ၂၀၁၉ ခုနှစ်တိုင်အောင် ပြည်တွင်းရေး မငြိမ်သက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရှိနေသေးတဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်နေပါတယ်။
၂။ ဆီးရီးယားနိုင်ငံ
လွန်ခဲ့တဲ့ နှစ်တွေကစလို့ ဆီးရီးယားနိုင်ငံဟာ နိုင်ငံတကာ ခရီးသွားတွေ ရှောင်ဖယ်တဲ့နေရာ ဖြစ်လာခဲ့ပါတယ်။ ဆီးရီးယားစစ်ပွဲဟာ ဆီးရီးယား တပ်မတော်နဲ့ သူပုန်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲပါ။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။
၃။ တောင်ဆူဒန်နိုင်ငံ
အာဖရိကနိုင်ငံတွေထဲမှာ တောင်ဆူဒန်နိုင်ငံက အန္တရာယ်အရှိဆုံး နိုင်ငံပါပဲ။ တောင်ဆူဒန်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲတွေဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်းက ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄ သိန်းနီးပါး သေဆုံးခဲ့ပြီးပါပြီ။
၄။ ယီမင်နိုင်ငံ
ယီမင်နိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကတော့ ဟေတီသူပုန်တွေနဲ့ ယီမင်အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေပါ။ ယီမင်နိုင်ငံသား တဝက်လောက်က အစားအစာ မလုံလောက်မှုနဲ့ သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံနေရပါတယ်။
၅။ အီရတ်နိုင်ငံ
အီရတ်နိုင်ငံကလည်း အာဖဂန်နစ္စတန် နိုင်ငံနည်းတူ အမေရိကန်တို့ရဲ့ ကျူးကျော်စစ်ကို ခံခဲ့ရတဲ့ နိုင်ငံပါ။ ၂၀၁၄ ခုနှစ်မှာတော့ အီရတ်နိုင်ငံမြောက်ပိုင်းကို ISIL တွေက ထိန်းချုပ်ခဲ့ပြီး ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အီရတ်နိုင်ငံဟာ အခုချိန်ထိတိုင်အောင် ငြိမ်းချမ်းရေး မဲ့နေသေးတဲ့အတွက် နိုင်ငံတကာခရီးသွားတွေအတွက် အန္တရာယ်ရှိနေသေးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
၆။ ဆိုမာလီယာနိုင်ငံ
ဆိုမာလီယာနိုင်ငံမှာဆိုရင်လည်း အကြမ်းဖက် တိုက်ခိုက်မှုတွေက အချိန်တိုင်းလိုလို ဖြစ်ပွားနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ရှိတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဆိုမာလီယာနိုင်ငံသားတွေဟာ နေ့စဉ်လိုလို အကြမ်းဖက်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
၇။ ဗဟိုအာဖရိက သမ္မတနိုင်ငံ
ဗဟိုအာဖရိက သမ္မတနိုင်ငံကတော့ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံ းနိုင်ငံတနိုင်ငံပါ။ အကျင့်ပျက် ခြစားမှုနှုန်းကလည်း အမြင့်ဆုံး အခြေအနေမှာရှိသလို ပြည်တွင်းစစ် ဒဏ်ကိုလည်း ခံနေရပါတယ်။ ပြည်တွင်း မငြိမ်သက်မှုနဲ့ ရာဇဝတ်ဖြစ်ပွားမှုနှုန်းကလည်း အဆင့် ၄ နေရာမှာ ရှိနေပါတယ်။
၈။ လစ်ဗျားနိုင်ငံ
၂၀၁၁ ခုနှစ်မှာ လစ်ဗျားအာဏာရှင်ဖြစ်တဲ့ မွမ်မာကဒါဖီ ဖြုတ်ချခံခဲ့ရပြီးနောက် လစ်ဗျားနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို အကြီးအကျယ် ခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း စစ်ပွဲတွေက ဆက်ပြီး ဖြစ်နေတုန်းပါပဲ။
၉။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံကလည်း ဗဟိုအာဖရိက သမ္မတနိုင်ငံလို ပြည်တွင်းစစ်ပွဲကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်နေရတဲ့ နိုင်ငံပါ။ သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် အကျင့်ပျက်ခြစားမှုနဲ့ လက်နက်ကိုင် အုပ်စုဝင်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မငြိမ်းချမ်းနိုင်သေးတဲ့ နိုင်ငံပါပဲ။
၁၀။ ရုရှားနိုင်ငံ
နိုင်ငံတကာ ခရီးသွားတွေအတွက် အန္တရာယ်အများဆုံး နောက်ထပ်နိုင်ငံကတော့ ရုရှားနိုင်ငံပါ။ ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံဖြစ်သလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နိုင်ငံတော့ မဟုတ်ပေမယ့် ခရီးသွား ဧည့်သည်တွေအတွက်သာ အန္တရာယ်အများဆုံး နိုင်ငံဖြစ်ပါတယ်။ အကြောင်းကတော့ ဆီးရီးယားစစ်ပွဲမှာ ရုရှားနိုင်ငံက လက်နက် ကုန်သွယ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေလို့ပါပဲ။
Ref. Swedishnomad