အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူတဦးနဲ့တဦး ချစ်ကြည်ရင်းနှီးမှု စတဲ့ မက်ဆေ့ချ်တွေ ကမ္ဘာကြီးကို ပေးခဲ့ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ တရုတ်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံက အမျိုးသမီး ၃ ယောက်ဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အတူတက်ခဲ့ကြပါတယ်။
အဲဒီအမျိုးသမီး ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဧဝရက်တောင်ကို အတူတက်ခဲ့ကြပြီး အမြင့် ၈,၈၄၈ မီတာ (၂၉,၀၂၈ ပေ) အထိ ရောက်ခဲ့ကြပါတယ်။ ဧဝရက်တောင်တက်ခဲ့ကြတဲ့ သမိုင်းတလျှောက်မှာ အခုလို နိုင်ငံ ၃ နိုင်ငံက အမျိုးသမီး ၃ ယောက် အတွဲမျိုး မရှိသေးတဲ့အတွက် သူတို့ ၃ ယောက်က စံချိန်တင်နိုင်ခဲ့ပါတယ်။
သူတို့ ၃ ယောက်ကတော့ အိန္ဒိယနိုင်ငံက Kalpana Dash၊ တရုတ်နိုင်ငံက Liyamu Ma နဲ့ နီပေါနိုင်ငံက Kanchhi Maya Tamang တို့ ဖြစ်ပါတယ်။ သူတို့ကို ဂိုက်လုပ်ပေးခဲ့သူကတော့ ဧဝရက်တောင်ကို ၁၈ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့တဲ့ Pemba Dirje Sherpa ဆိုသူပါ။ သူဟာ နီပေါနိုင်ငံခရီးသွားနှစ် ၂၀၁၁ တုန်းက ချစ်ကြည်ရေး သံတမန်တယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။
နီပေါခရီးသွားလာရေး ဘုတ်အဖွဲ့ရဲ့ ထုတ်ပြန် ကြေညာချက်အရ ဒီတောင်တက်ခရီးစဉ်ဟာ ၂၀၂၀ ခုနှစ်မှာကျရောက်မယ့် နီပေါနိုင်ငံ ခရီးသွားနှစ် ရည်မှန်းချက် အောင်မြင်ဖို့အတွက်လည်း ဖြစ်ပါတယ်။ တောင်တက်ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ နီပေါအမျိုးသမီးကတော့ Tamang အမျိုးသမီးတွေထဲမှာ ဧဝရက်တောင်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အိန္ဒိယအမျိုးသမီး Dash ဟာ အရင်ကတည်းက တောင်တက်အတွေ့အကြုံ ရှိထားသူ တယောက်ဖြစ်ပြီး အိန္ဒိယ၊ နီပေါ၊ ဥရောပ၊ တောင်အာဖရိကနဲ့ သြစတြေးလျစတဲ့ နိုင်ငံတွေမှာရှိတဲ့ တောင်များစွာကို တက်ရောက်ခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူကိုယ်တိုင် တောင်တက် အသင်းတသင်းကို ဦးဆောင်ပြီး ဧဝရက်တောင်ကို တက်ရောက်ခဲ့ဖူးပါတယ်။
တရုတ်အမျိုးသမီး Ma ကတော့ အရင်နှစ်တွေကလည်းက ဧဝရက်၊ Manaslu၊ Lobuche နဲ့ Mustakata စတဲ့ တောင်တွေကို တက်ရောက်ခဲ့ဖူးသလို တောင်တက်ရတာကို ဝါသနာပါတဲ့ တရုတ်အမျိုးသမီး တဦး ဖြစ်ပါတယ်။
ကျား၊ မ ခွဲခြားမှု ဓလေ့တွေဟာ ကမ္ဘာပေါ်က ဒေသတချို့မှာ အခုချိန်ထိတိုင်အောင် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ လူမှန်ရင်တော့ အလုပ်လုပ်နိုင်စွမ်းက အတူတူပဲဆိုတာ သူတို့ ၃ ယောက်ရဲ့ ခရီးစဉ်က ပြသခဲ့ပါတယ်။
Ref. Thehimalayantimes, Tourismmail
You may also like these stories:
ဧဝရက်တောင်ဝန်းကျင် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်တော့မည်
ဧဝရက် တောင်တက်သမားတွေ သေဆုံးပြီးနောက် နီပေါနိုင်ငံက စည်းမျဉ်းအသစ်များ ထုတ်ပြန်
ဧဝရက်တောင်အပြင် မြောက်အမေရိကရဲ့ အမြင့်ဆုံးတောင် Denali ကို ထပ်တက်ခဲ့တဲ့ ထိုင်းအမျိုးသမီး
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း