တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး Google မှာ ရှာလိုက်ရင် “ဆူညံလွန်းတယ်” “ယဉ်ကျေးမှု မရှိဘူး” “အားနာမှု မရှိဘူး” စသဖြင့် ဖော်ပြထားတာတွေ အများစု တွေ့ရပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေ၊ လေယာဉ်အမှုထမ်းတွေ၊ ဂေါပက လူကြီးတွေနဲ့ မကြာခဏ ပြဿနာဖြစ်လေ့ ရှိတတ်ပါတယ်။
အခုလို ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ အင်္ဂလိပ်ဘာသာစကား အသုံးပြုတဲ့ မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းမျိုးတွေ မဟုတ်ဘဲ တရုတ်မီဒီယာတွေက ဖော်ပြထားကြတဲ့သတင်းတွေ ဖြစ်ပါတယ်။
တရုတ်သတင်းစာတွေကလည်း နိုင်ငံတကာကို သွားရောက်နေကြတဲ့ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး “ရိုင်းစိုင်းကြတယ်” ၊ “စည်းကမ်း မလိုက်နာဘူး” စသဖြင့် ဖော်ပြလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက အဲဒီလို လူတချို့ကို ခရီးသွားလာမှု ပိတ်ပင်နေတယ်လို့ သိရပါတယ်။
South China Morning Post သတင်းစာမှာလည်း ယဉ်ကျေးမှု မရှိတဲ့ နိုင်ငံတကာ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသားတွေက ထိပ်ဆုံးမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အခြားအစီရင်ခံစာတွေအရလည်း တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာအနှံ့ ခရီးထွက်နေကြပေမယ့် ဒေသခံတွေကို မလေးစားသူတွေ၊ စည်းကမ်းမလိုက်နာသူတွေနဲ့ ဒေသအစိုးရက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို မလိုက်နာသူတွေအဖြစ် ဖော်ပြလေ့ရှိပါတယ်။
၂၀၀၄ ခုနှစ်တုန်းကလည်း တရုတ်ခရီးသွားအမျိုးသမီးတယောက်က သူ့အဖော်နဲ့အတူ မထိုင်ရလို့ ဆိုပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်တွေ အပြင် မိဘတွေရဲ့ အားပေးမှုနဲ့ လေယာဉ်ခုံကို ဖျက်ဆီးခဲ့တဲ့လူငယ်၊ အီဂျစ်က သက်တမ်းနှစ် ၃၅၀၀ ရှိပြီဖြစ်တဲ့ ရှေးဟောင်းကျောင်းတော်ကြီးရဲ့ အလှကိုဖျက်ဆီးခဲ့တဲ့ လူငယ် စတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။
ဒါကြောင့်လည်း သတင်းမီဒီယာတွေက တရုတ်ခရီးသွားတွေကို ယဉ်ကျေးမှု မရှိဘူးလို့ ဆိုနေကြခြင်းဖြစ်ပါတယ်။ ရောက်တဲ့ဒေသတိုင်းမှာ တရုတ်ခရီးသွားတွေက ဒေသခံတွေနဲ့ ပြဿနာတက်လေ့ ရှိကြပါတယ်။
တရုတ်အစိုးရ ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံ ခရီးသွားတွေနဲ့ပတ်သက်ပြီး ယဉ်ကျေးမှု မရှိဘူး ဆိုတာကို လက်ခံထားပါတယ်။ ဒါကြောင့်လည်း တခြားဒေသတွေမှာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့သူတွေကို Blacklist စာရင်းသွင်းပြီး ခရီးသွားပိတ်ပင်တာမျိုးတွေ လုပ်လာပါတယ်။
၂၀၀၁ ခုနှစ်လောက်အထိ တရုတ်နိုင်ငံသားအများစုမှာ Passport မရှိခဲ့ပါဘူး။ အဲဒီကာလတွေအထိ တရုတ်နိုင်ငံသား ၉၈ ရာခိုင်နှုန်းလောက်က တိုင်းပြည်ပြင်ပကို မထွက်ဖူးခဲ့ကြပါဘူး။ ဒီနေ့ကာလမှာတော့ ဗီဇာကင်းလွတ်ခွင့်တွေနဲ့အတူ တရုတ်နိုင်ငံသား အများအပြား ပြည်ပထွက်လာကြပါတယ်။ ၂၀၃၀ ရောက်ရင်တော့ တရုတ်နိုင်ငံသား သန်း ၄၀၀ ကျော် ခရီးထွက်မယ်လို့ မျှော်လင့်ထားကြပါတယ်။
မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်ခရီးသွားတွေရဲ့ အမူအကျင့်တွေကလည်း ယဉ်ကျေးမှု ရှိလှတယ်တော့ မဟုတ်ပါဘူး။ အမှိုက်တွေကို ပစ်ချင်သလို ပစ်လေ့ရှိပါတယ်။ စကားကို အော်ကျယ် အော်ကျယ် ပြောလေ့ရှိကြပါတယ်။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လေ့ ရှိပါတယ်။ နောက်ဆုံး ဘုရားက ကျောက်စိမ်းပြားတွေကိုတောင် ခိုးယူတဲ့အထိ ပြုလုပ်လာနေကြတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေက ဒီလိုကိစ္စမျိုးတွေ ထပ်မံ မဖြစ်ပေါ်အောင် တရုတ် ခရီးသွားတွေအပေါ် ထိထိရောက်ရောက် အရေးယူတာမျိုး ဆောင်ရွက်သင့်နေပါပြီ။
Ref. Radiichina, Scmp, Continetscondiments