ဗီယက်နမ်-တောင်ကိုရီးယား ပျံသန်းနေတဲ့ T’way Air လေကြောင်းလိုင်းက လေယာဉ်မှူးဟာ နိုင်ငံကူး လက်မှတ်ပျောက်ဆုံးနေတဲ့အတွက် လေဆိပ်ထဲကို ဝင်ခွင့် မရှိခဲ့ပါဘူး။
နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်မှူးဟာ တောင်ကိုရီးယားလေကြောင်းလိုင်းဖြစ်တဲ့ T’way Air လေကြောင်းလိုင်းက လေယာဉ်မှူးဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနေတဲ့အတွက်ကြောင့် လေဆိပ်ထဲ ဝင်ခွင့်မရခဲ့ဘဲ ခရီးသည်တွေလည်း ၁၁ နာရီကျော် စောင့်ဆိုင်းခဲ့ရပါတယ်။
လေယာဉ်ခရီးစဉ်ကတော့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ကနေ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။ ခရီးသည် ၁၆၀ တင်ဆောင် ပျံသန်းမယ့် ဒီခရီးစဉ်မှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်မှူးရဲ့ နိုင်ငံကူးလက်မှတ် ပြန်လည် ရရှိအောင် ဆောင်ရွက်ပြီးတော့မှသာ ပျံသန်းခွင့် ရခဲ့ပါတယ်။
ဒီခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့၊ သောကြာနေ့ ည ၁၀ နာရီ ၃၅ မိနစ်မှာ ပျံသန်းဖို့ စီစဉ်ထားပေမယ့် နောက်တနေ့ မနက် ၉ နာရီ ၄၀ မိနစ်မှသာ ခရီးစဉ်ကို စတင်နိုင်ခဲ့ပါတယ်။
လေကြောင်းလိုင်းအနေနဲ့လည်း အခုကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ၁၁ နာရီကျော် ကြာမြင့်အောင် လေယာဉ်ခရီးစဉ် နောက်ကျခဲ့ရတဲ့အတွက် ခရီးသည်တွေကို ဟိုတယ်နဲ့ မနက်စာကိုပါ လေကြောင်းလိုင်းက စီစဉ်ပေးခဲ့ပါတယ်။
လေကြောင်းလိုင်း တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့တဲ့ လေယာဉ်မှူးကို သတ်မှတ်စည်းကမ်းတွေနဲ့ ဆောင်ရွက်သွားဖို့ ရှိနေသလို ခရီးစဉ်နောက်ကျခဲ့ရတဲ့ ခရီးသည်တွေကိုလည်း နစ်နာကြေး တစုံတရာ ပေးအပ်သွားဖို့ ရှိနေပါတယ်။
ခရီးသည်တွေကလည်း The Korea Times သတင်းစာကို “T’way Air လေကြောင်းလိုင်းက နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားတဲ့ လေယာဉ်မှူးအတွက် အစားထိုး နိုင်ငံကူးလက်မှတ် ရရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
Ref. MSN , Emirates247
You may also like these stories:
လူသိပ်မသိရာက အဓိက လေကြောင်းလိုင်းဖြစ်လာတဲ့ Lion Air
အမေရိကန်နှင့် ကနေဒါတို့လည်း ဘိုးအင်း 737 Max ပျံသန်းခွင့်တားမြစ်