ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ တရုတ် ခရီးသွားတယောက်ကို အငှားယာဉ်မောင်းတဦးက ပိုက်ဆံ လုယက်ခဲ့ပါတယ်။ အဲဒီလုယက်မှုကြီး ဖြစ်ပွားပြီးတဲ့နောက်မှာတော့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သတိထားနေထိုင်ကြဖို့ အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အရက်သောက်ထားတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တယောက်ဟာ Taxi တစီးကို ငှားရမ်းပြီး သူနေထိုင်ရာတိုက်ခန်းဆီ ပို့ဆောင်ခိုင်းခဲ့ပါတယ်။ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဟာ အငှားကားအတွင်း အိပ်ပျော်သွားခဲ့ပြီး နိုးလာချိန်မှာတော့ လမ်းမတနေရာပေါ် အိပ်ပျော်နေတာကို သတိထားမိခဲ့ပါတယ်။
အငှားကားယာဉ်မောင်းဟာ အိပ်ပျော်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်ကို လမ်းဘေးတနေရာမှာ ချထားခဲ့ပြီး ဘတ်ငွေ ၃ ဒဿမ ၆ သန်းကိုလည်း ခိုးယူသွားခဲ့ပါတယ်။ အခုတော့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ပိုက်ဆံ ခိုးယူသွားတဲ့ အငှားယာဉ်မောင်းကို စီစီတီဗီ ကင်မရာတွေကနေ တဆင့် ခြေရာခံမိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။
ဒီအဖြစ်အပျက် မဖြစ်ခင်မှာ ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးက ထိုင်းနိုင်ငံဟာ ခရီးသွားတွေအတွက် လုံခြုံစိတ်ချရတဲ့ နိုင်ငံဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ အခုတော့ ထိုင်းခရီးသွားလာရေးဝန်ကြီးရဲ့ စကားကို ပြောင်းပြန်ယူဆရတော့မလို ဖြစ်နေပါပြီ။
ဒါကြောင့်လည်း တော်ဝင် ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံရဲ့ အန္တရာယ်တွေအကြောင်း ခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ တော်ဝင် ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pol Col Krissana ကတော့ အခုဖြစ်ခဲ့တဲ့ ကိစ္စဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး လူတွေအနေနဲ့ သတိထားသွားလာသင့်ကြောင်းနဲ့ အရက်သောက်ပြီးတဲ့အခါ ပိုမိုသတိထားသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထိုင်းအငှားယာဉ်မောင်းတွေ အနေနဲ့လည်း ကိုယ့်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုသာ ပေးသင့်ကြောင်း သူက ပြောဆိုခဲ့ပါသေးတယ်။
Ref. Chiangraitimes