အရင်တုန်းက တိရစ္ဆာန်တွေကို အသုံးချပြီး ကျော်ကြားလာတဲ့ နေရာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလို နေရာတွေဟာ တိရစ္ဆာန်တွေကို ခိုင်းစေပြီး ဝင်ငွေ ရှာခဲ့ကြဖူးတဲ့နေရာတွေပါ။ အခုတော့ တိရစ္ဆာန်တွေကို အတင်းအဓမ္မစေခိုင်းတဲ့ နေရာမျိုးတွေကို ပိတ်ပင်လာကြပါတယ်။
ကမ္ဘာ့တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကလည်း “တိရစ္ဆာန်ကို စီးပြီး လည်ပတ်တဲ့ အပြုအမူ၊ ပွေ့ဖက်ပြီး Selfie ရိုက်တဲ့ အပြုအမူတွေဟာ မလုပ်သင့်တဲ့ အမူအကျင့်တွေ”လို့ ဆိုထားပါတယ်။ ကမ္ဘာ့ တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကြီးဟာ ကမ္ဘာပေါ်က တိရစ္ဆာန်မျိုးစိတ်တွေ ပျောက်ဆုံး မသွားရအောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက ကာကွယ်နေတဲ့ အဖွဲ့ပါ။
တချိန်တုန်းက ဂရိနိုင်ငံ၊ ဆန်တိုရီနီကျွန်းက တောင်ကုန်းတွေပေါ်ကို နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေက မြည်းစီးပြီး တက်လေ့ ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ တိရစ္ဆာန်ချစ်သူတွေ တားမြစ်ခဲ့ကြတဲ့အတွက် အခုဆိုရင် မြည်းစီးသူတွေဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း နယူးဇီလန်အစိုးရက နိုင်ငံတကာ ခရီးသွားတွေကို လင်းပိုင်တွေနဲ့ ရေအတူ ကူးခွင့်ကို ပိတ်ပင်ခဲ့ပါသေးတယ်။ အခုလို နယူးဇီလန်အစိုးရ ဆုံးဖြတ်ချက် ချခဲ့ရခြင်းဟာ လင်းပိုင်တွေရဲ့ အရေအတွက် ကျဆင်းလာခဲ့တဲ့အတွက်ကြောင့်ပါပဲ။
လူတွေအနေနဲ့ လင်းပိုင်တွေနဲ့ အတူ ရေကူးတာဟာ လင်းပိုင်တွေ သားဖွားမှုနှုန်းကို ကျဆင်းစေနိုင်သလို နို့တိုက်တဲ့ အပြုအမူတွေကိုလည်း ထိခိုက်စေပါတယ်။ နယူးဇီလန် ပင်လယ်အော်အတွင်းမှာ ၁၉၉၁ ခုနှစ်က လင်းပိုင်ကောင်ရေ ၂၇၀ ရှိခဲ့ပေမယ့် အခုဆိုရင်တော့ ၃၁ ကောင်သာ ကျန်ပါတော့တယ်။
တမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း တိရစ္ဆာန်ပေါင်း ၅၅၀,၀၀၀ ဝန်းကျင်လောက်က နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့သာ အသုံးချခံနေရပါတယ်။ ဒါကြောင့်လည်း အခုဆိုရင်တော့ သက်ဆိုင်ရာတွေက တိရစ္ဆာန်တွေကို ထိခိုက်စေနိုင်လောက်အောင် ခိုင်းစေ အသုံးပြုတဲ့ နေရာတွေကို တားမြစ်လာကြပါတယ်။
အခုဆိုရင် ခရီးသွား ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ တိရစ္ဆာန်တွေ နာကျင် ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်လာကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်ဆိုရင် အန်ကောဝပ်ကျောင်းတော်အတွင်း ဆင်စီးပြီး လည်ပတ်ခွင့် ပြုတော့မှာ မဟုတ်ပါဘူး။
တချို့နိုင်ငံတွေမှာတော့ တိရစ္ဆာန်တွေကို ခိုင်းစေပြီး ခရီးသွားလုပ်ငန်းတွေ လုပ်ဆောင်နေကြပါသေးတယ်။ တိရစ္ဆာန်တွေကို အရက်စက်ဆုံး ခိုင်းစေတဲ့ နည်းလမ်းတွေထဲမှာတော့ ဆင်စီးတာ၊ ကျားနဲ့အတူ Selfie ရိုက်တာ၊ လင်းပိုင်တွေနဲ့ရေကူးတာတွေ ပါဝင်ပါတယ်။
ဒီနည်းလမ်းတွေကို အရက်စက်ဆုံး နည်းလမ်းလို့ ခေါ်ရတဲ့ အကြောင်းကတော့ အခိုင်းစေခံရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ ဘဝတလျှောက်လုံး ရောဂါဝေဒနာ ခံစားရတဲ့အတွက်ကြောင့်ပါ။
မြန်မာနိုင်ငံမှာဆိုရင်လည်း မုံရွာခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ တည်ရှိရာ နေရာကို လာရောက်ကြတဲ့ ဘုရားဖူးဧည့်သည်တွေဟာ ဆင်စီးပြီး ဘုရားဖူးခရီး လာရောက်လေ့ ရှိကြပါတယ်။ ဆင်တွေဟာ သူတို့ ဘဝတလျှောက်လုံး ဒီခရီးလမ်းကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ပို့ဆောင် သွားလာပေးနေရပါတယ်။ ဒါကြောင့်မို့လို့ ဘုရားဖူးလာသူတွေအနေနဲ့ ဒီလို ကိစ္စတွေကို အထူးရှောင်ကြဉ်သင့်ပါတယ်။
Ref. Scmp, Worldanimalprotection
You may also like these stories:
Wildlife Tourism လုပ်ငန်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဖင်လန်နိုင်ငံ
ကြောင်ချစ်သူတွေ သွားလည်သင့်တဲ့ ထိုင်ဝမ်နိုင်ငံက Houtong Cat Village
တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကနေ ထွက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား