ထိုင်းနိုင်ငံမှာ ဆင်တွေနဲ့အတူ အပန်းဖြေ အနားယူနိုင်တဲ့ "Dumbo" ဆင်အနားယူစခန်း
နှစ်ပေါင်းများစွာ လူတွေကို အလုပ်အကျွေးပြုခဲ့တဲ့ တိရစ္ဆာန်တွေထဲမှာ ဆင်လည်း အပါအဝင် ဖြစ်ပါတယ်။ ဆင်တွေဟာ ပင်ပန်းတဲ့ အလုပ်တွေနဲ့ လူတွေကို အလုပ်အကျွေးပြုခဲ့ကြပေမယ့် နွားတွေလောက်တောင် လူတွေက အသိအမှတ် မပြုကြပါဘူး။ ဆင်တွေဟာ နှစ်ပေါင်းများ စွာကြာအောင် သစ်ဆွဲတဲ့ အလုပ်တွေနဲ့ လူတွေကို အကျိုးပြု လုပ်ကိုင်ပေးခဲ့ပါတယ်။
လူတွေရဲ့ မေ့လျော့ခြင်းကို ခံနေရတဲ့ ဆင်တွေအတွက် ထိုင်းနိုင်ငံမြောက်ပိုင်းက အစီအစဉ်တခု ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ဆင်တွေအတွက် သီးသန့် ရည်ရွယ်ထားတဲ့ “Dumbo” ဆင်အနားယူစခန်းပါပဲ။ ဒီနေရာလေးဟာ နိုင်ငံတကာက လာရောက်ကြမယ့် ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့လည်း ဖြစ်သလို ဆင်တွေ အေးအေးချမ်းချမ်း အနားယူနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒီအနားယူစခန်းကို ရောက်လာကြသူတွေက ဆင်တွေကို သန့်ရှင်းရေး လုပ်ပေးနိုင်သလို ဆင်တွေရဲ့ သဘာဝကိုလည်း ကျကျနန လေ့လာနိုင်ပါတယ်။ ချင်းမိုင်မြို့မှာရှိတဲ့ ဒီ ဆင်အနားယူစခန်းကို ရောက်လာကြသူတွေဟာ ဆင်တွေရဲ့ခြေထောက်တွေကို ရေနဲ့ သေသေချာချာ ဆေးပေးလေ့ ရှိပါတယ်။ နှစ်ပေါင်းများစွာ တောတောင်တွေထဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့အတွက်ကြောင့် ဆင်တွေရဲ့ခြေထောက်တွေက မာကြော ကြမ်းရှနေတာကို တွေ့ရပါလိမ့်မယ်။
အနားယူစခန်းက ဆင်တွေဟာ လူတွေနဲ့ ယဉ်ပါးပြီးသားဖြစ်တဲ့အတွက် အစားအစာ ကျွေးမွေးနိုင်သလို ပျော်ရွှင်စွာနဲ့လည်း ဆော့ကစားနိုင်ပါသေးတယ်။ Dumbo ဆင်အနားယူစခန်းမှာ ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ရွှံ့တွေနဲ့ ဆင်တွေကို လိမ်းကျံပေးရတဲ့ နေရာ တနေရာလည်း ရှိပါတယ်။ အဲဒီ ဆေးဖက်ဝင်ရွှံ့တွေကိုတော့ ခြေထောက်အနာဖြစ်နေတဲ့ ဆင်တွေရဲ့ဒဏ်ရာ သက်သာအောင် စီမံပေးထားတာပါ။
Dumbo ဆင်အနားယူစခန်းဟာ ဖျားနာနေတဲ့ ဆင်တွေကို ပြန်လည် ထူထူထောင်ထောင် ဖြစ်လာအောင် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ စခန်းဖြစ်သလို လူတွေအတွက်ဆိုရင်လည်း ကောင်းမွန်တဲ့ မိသားစု ဘဝလေးရနိုင်အောင် ဖန်တီးပေးထားပါသေးတယ်။ Dumbo ဆင်အနားယူစခန်းကို ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေကတော့ တောထဲမှာ ဆင်တွေနဲ့ အပန်းဖြေ အနားယူနိုင်ပါတယ်။
ဒီနေရာလေးဟာ ဆင်တွေနဲ့ ပတ်သက်တဲ့ ပညာရေးကို အကောင်းဆုံး သင်ကြားပေးနိုင်တဲ့နေရာ ဖြစ်သလို ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးကျေးဇူးရှိတဲ့ နေရာ တနေရာပါ။ နှစ်ပေါင်းများစွာကြာအောင် လူတွေကို အလုပ်အကျွေးပြုခဲ့တဲ့ ဆင်တွေအတွက်တော့ အခုဆိုရင် လူတွေက တဖန်ပြန်လည် ပြုစုပေးတာကို ခံနေရပါပြီ။
Ref. Chiangraitimes
You may also like these stories:
အန်ကောဝပ်ကျောင်းတော်အတွင်း ဆင်စီးပြီး လည်ပတ်ခွင့်ကို ပိတ်ပစ်တော့မည်