ကျွန်းစုပေါင်း ၃၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံကို အင်္ဂလိပ်ဘာသာစကားမှာ ဂျပန်လို့ခေါ်ပေမယ့် ဂျပန်ဘာသာစကားမှာတော့ ဂျပန်နိုင်ငံကို နိပွန်၊ နိဟွန်းဆိုပြီး ခေါ်လေ့ ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတွေကတော့ ဟွန်ရှူး၊ ဟော့ကိုင်းဒိုး၊ ကျူရှူးနဲ့ ရှီကိုကူးကျွန်းတွေ ဖြစ်ကြပြီး ဂျပန်နိုင်ငံ မြေနေရာစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ စုစုပေါင်း ၁၂၈ သန်း ရှိပြီး ကမ္ဘာပေါ်မှာ ဒဿမမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့တော်မှာ လူဦးရေ သန်း ၃၀ ကျော် နေထိုင်ပါတယ်။
အခုနောက်ပိုင်းကာလတွေမှာတော့ ဂျပန်နိုင်ငံကို ခရီးသွားအများအပြား လာရောက် လည်ပတ်ကြပါတယ်။ ခရီးသွားတွေ အဓိက လာရောက် လည်ပတ်ကြတဲ့ မြို့ကတော့ အိုဆာကာမြို့ပါ။ အိုဆာကာမြို့ဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယမြို့တော် ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ခရီးသွားဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ်ကြတဲ့ မြို့ ၂၀ စာရင်းမှာ ဂျပန်နိုင်ငံက မြို့ ၅ မြို့ ပါဝင်ခဲ့ပါတယ်။ အဲဒီမြို့ ၅ မြို့ကတော့ တိုကျို၊ အိုဆာကာ၊ ဟော့ကိုင်းဒိုး၊ Chiba နဲ့ အိုကီနာဝါမြို့တွေပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်ပေါင်းက ၃၁ ဒဿမ ၁၉ သန်း ရှိခဲ့ပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြမယ့် နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်းက သန်း ၄၀ ရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက မျှော်လင့်ထားပါတယ်။
ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အဓိက လည်ပတ်စရာတွေကတော့ ဒုတိယကမ္ဘာစစ်အတွင်းက အနုမြူဗုံးဒဏ်ကို ခံခဲ့ရတဲ့ ဟီရိုးရှီးမားမြို့နဲ့ နာမည်ကြီး ဖူဂျီတောင်တို့ပါ။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဂျပန်နိုင်ငံကို အဓိက လာရောက် လည်ပတ်ကြတာကတော့ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံသားတွေ အများဆုံး ဖြစ်ပါတယ်။
Ref. Japan-forward, Travelagentcentral
You may also like these stories:
ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ဂျပန်နိုင်ငံကို တောင်ကိုရီးယား ခရီးသွား ဝင်ရောက်မှု ကျဆင်း
ထူးခြားတဲ့အသွင်အပြင်တွေနဲ့ ဂျပန်နိုင်ငံက ညစီးရထားတွဲ ခရီးစဉ်
တနှစ်ထက် တနှစ် ပိုတိုးတက်လာတဲ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း
ဂျပန်နိုင်ငံက Nara သမင်များ ပလတ်စတစ် အန္တရာယ်ကြောင့် အသက်ဆုံးရှုံးနေရ