၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ခရီးသွားအရေအတွက်က ၁၀ ဒဿမ ၅ သန်းကျော် ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖြစ်ခဲ့တဲ့ လှေတိမ်းမှောက်မှုကြောင့် တရုတ်ခရီးသွား ၄၇ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေကို အဓိက ဦးစားပေးတဲ့ နိုင်ငံပါ။ အခုတော့ တရုတ်ခရီးသွား အရေအတွက် ကျဆင်းနေတဲ့အတွက် အိန္ဒိယခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ ဦးစားပေး ဧည့်သည်တွေ ဖြစ်လာပါတယ်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ အိန္ဒိယခရီးသွား အရေအတွက် စုစုပေါင်း ၁၈၀,၀၀၀ ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ အိန္ဒိယခရီးသွားအရေအတွက်က ၁ ဒဿမ ၆ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၁ ဒဿမ ၈ သန်း လာရောက် လည်ပတ်မယ်လို့ ထိုင်းနိုင်ငံက မျှော်လင့်ထားပါတယ်။
တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေအကြားမှာ ကွဲပြားခြားနားမှုတွေ ရှိတဲ့အကြောင်းနဲ့ အိန္ဒိယ ခရီးသွားတွေဟာ တရုတ် ခရီးသွားတွေထက် အင်္ဂလိပ်စကား ပိုမိုပြောဆိုနိုင်တဲ့အကြောင်း ထိုင်းဟိုတယ် လုပ်ငန်းဘုတ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Mr Preecha Champi က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်နေတဲ့ နိုင်ငံ တနိုင်ငံပါ။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေကနေ ထိုင်းနိုင်ငံကို လေယာဉ် ၃ နာရီကျော်စီးရင် ရောက်နိုင်ပြီး ဒီနှစ် နိုင်ငံစလုံးကလည်း ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံတွေ ဖြစ်ကြပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ဆိုရင်လည်း အသက် ၂၅ နှစ်အောက် လူငယ် သန်း ၆၀၀ ကျော် ရှိပါတယ်။ နောက်ပိုင်းကာလတွေမှာဆိုရင် အိန္ဒိယလူငယ် သန်း ၆၀၀ ကျော်က ထိုင်းနိုင်ငံကို အဓိကလာရောက် လည်ပတ်ကြမယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။
အခုနောက်ပိုင်း အိန္ဒိယနိုင်ငံက ပိုက်ဆံတတ်နိုင်သူ လူငယ်အချို့ဟာ ထိုင်းနိုင်ငံကို သွားပြီး မင်္ဂလာဆောင်တာမျိုးတွေ လုပ်လာကြပါတယ်။ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ အိန္ဒိယ ခရီးသွားတွေအနေနဲ့ ထိုင်းဘတ် ၁၂၀ ဘီလီယံ အသုံးပြုခဲ့ပါတယ်။
Ref. Chiangraitimes