ပွင့်လင်းရာသီကို ရောက်လာတဲ့ အောက်တိုဘာလဟာ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ ခရီးထွက်လေ့ရှိကြပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းမှာ ခရီးသွားလို့ကောင်းတဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပုဂံနဲ့ အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းကတော့ မပါမဖြစ်တဲ့ နေရာတွေပါ။ နောက်ပိုင်းကာလတွေမှာတော့ ဘာလီကျွန်းမှာ ကန့်သတ်ချက်တွေ လုပ်လာပါတယ်။ အဲဒီလို ကန့်သတ်ချက်တွေထဲမှာ လက်မထပ်ရသေးတဲ့ စုံတွဲတွေအနေနဲ့ လိင်မှုကိစ္စတွေ ပြုလုပ်ခွင့် မရတော့ပါဘူး။
အောက်တိုဘာလအတွင်း အလည်သွားသင့်တဲ့ အရှေ့တောင်အာရှက နေရာတွေကို ဖော်ပြပေး ချင်ပါတယ်။
၁။ ပတ္တရားကမ်းခြေ
ပတ္တရားကမ်းခြေကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေက ကမ္ဘာ့လိင်မြို့တော်လို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။ လိင်အပျော်အပါး လိုက်စားကြတဲ့ နိုင်ငံတကာခရီးသွား ဧည့်သည်တွေကလည်း ပတ္တရားကို လာရောက်လေ့ရှိကြပါတယ်။ အောက်တိုဘာလအတွင်းမှာတော့ ပတ္တရားရဲ့အပူချိန်က ၂၈ ဒီဂရီ စင်တီဂရိတ်သာရှိပါတယ်။ ဒါကြောင့်လည်း အလည်အပတ် သွားရောက်လို့ ကောင်းတဲ့ ရာသီဥတုပါပဲ။
၂။ ပုဂံ
ပုဂံဟာ မြန်မာရဲ့အသက်ပါပဲ။ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ပုဂံကို မဖြစ်မနေ သွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။ ရှေးဟောင်းလက်ရာ စေတီပုထိုးတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတခုပါ။ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတခုလုံးကို UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၃။ ဘာလီကျွန်း
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ ဘာလီကျွန်းက ထင်ရှားတဲ့ နေရာတနေရာပါ။ ခရီးသွားလုပ်ငန်းဟာ အင်ဒိုနီးရှားနိုင်ငံအတွက် အရေးပါတဲ့ လုပ်ငန်းဖြစ်သလို နိုင်ငံခြားဝင်ငွေရရှိတဲ့ အဓိကလုပ်ငန်းလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဘာလီကျွန်းဟာ နိုင်ငံတကာခရီးသွား အများဆုံး လာရောက် လည်ပတ်တဲ့ နေရာစာရင်းမှာ နံပါတ် ၂၀ ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၁၂ ဒဿမ ၀၂ သန်း ရှိခဲ့ပါတယ်။
၄။ ဗီယက်နမ်နိုင်ငံ
အောက်တိုဘာလအတွင်း သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံတွေစာရင်းမှာ ဗီယက် နမ်နိုင်ငံလည်း ပါဝင်ပါတယ်။ အခုနောက်ပိုင်းကာလတွေမှာ ဗီယက်နမ်နိုင်ငံဟာ ခရီးသွားလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်နေတဲ့ နိုင်ငံ တနိုင်ငံပါ။ ၂၀၁၈ ခုနှစ်အတွင်းမှာဆိုရင် ဗီယက်နမ်နိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်က ၁၅ ဒဿမ ၅ သန်းရှိခဲ့ပါတယ်။
၅။ ချင်းမိုင်မြို့
ထိုင်းနိုင်ငံရဲ့ အထင်ကရမြို့တော်တွေထဲမှာ ချင်းမိုင်မြို့လည်း ပါဝင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်နေတဲ့ နိုင်ငံ တနိုင်ငံပါ။ အောက်တိုဘာလအတွင်း ချင်းမိုင်မြို့ရဲ့ အပူချိန်က ၂၂ ဒီဂရီစင်တီဂရိတ်ကနေ ၃၁ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပါတယ်။ ချင်းမိုင်မြို့ကိုရောက်ရင် အဓိက လည်ပတ်သင့်တဲ့ နေရာတွေကတော့ Wat Phrathat Doi Suthep နဲ့ Night Safari ပါပဲ။
Ref. traveltriangle